Wednesday, January 14, 2015

မိနစ်ပိုင်းအတွင်း စိတ်အပန်းပြေစေမယ့် နည်းလမ်းကောင်းများ အပိုင်း (၃)

ခေါင်းထဲမှာရှိနေတဲ့ ရှုပ်ထွေးမှုတွေ၊ စိတ်ပင်ပန်းမှုတွေနဲ့ ဖိစီးမှုတွေကို မိနစ်ပိုင်းလေးအတွင်းမှာ လျော့ပါးပျောက်ကွယ်သွားအောင် သင်ကြိုးစားကြည့်နိုင်တဲ့ နည်းလမ်းကောင်းလေးတွေ ရှိနေပါတယ်။ လုပ်ဆောင်ရန် လွယ်ကူတဲ့အပြင် ထိလည်းထိရာက်တာကြောင့် အဆင်ပြေသဘောကျလိမ့်မယ်လို့ ထင်ပါတယ်။ အပိုင်း(၁)နဲ့ အပိုင်း(၂)မှာ နည်းလမ်းပေါင်း ၂၀ကို ဖော်ပြပေးခဲ့ပြီးဖြစ်တာမို့ ခု အပိုင်း(၃)မှာ ဘယ်လိုနည်းလမ်းလေးတွေ ဆက်ညွှန်းထားမလဲ ကြည့်ရအောင်။

၂၁။အညောင်းဆန့်လိုက်ပါ။

လက်တွေကို အပေါ်ကို မြှောက်လိုက်ပြီး ကိုယ်ပေါ်က အကြောအချဉ်တွေ ပြေသွားအောင် ဆန့်ထုတ်လိုက်ပါ။ ဒါဟာ အတိုင်းအတာတစ်ခုထိ စိတ်ကိုပြန်လည် လန်းဆန်းစေနိုင်တာကြောင့်ပါ။

၂၂။ဟိုဘက်၊ ဒီဘက်ပြေးပါ။

ရုံးမှာနေရာရှိတယ်ဆိုရင် ဟိုဘက်၊ ဒီဘက်ပြေးသလိုမျိုး ပြေးပေးပါ။ အဝေးကြီးလည်း မလိုပါဘူး။ ပင်ပန်းသွားတဲ့အထိ လုပ်ဖို့လည်း မလိုပါဘူး။ ပြေးတယ်ဆိုရုံလေးပါပဲ။

၂၃။လမ်းမြန်မြန်လျှောက်ပါ။

ရုံးခန်းအတွင်းမှာ လမ်းမြန်မြန်လျှောက်လို့ရမယ့် နေရာကို ရွေးချယ်ပြီး လမ်းလျှောက်ပေးပါ။ ခုလို ခဏလေးဖြစ်ဖြစ် တစ်ယောက်တည်းရှိပြီးတဲ့အခါ အာရုံတွေ ပြန်လန်းဆန်းလာမှာပါ။

၂၄။ခံစားချက်တွေကို ချရေးပါ။

ဒိုင်ယာရီရေးတာပဲဖြစ်ဖြစ်၊ ကိုယ့်ခံစားချက်တွေ၊ ဒေါသတွေ၊ နာကျင်စရာနဲ့ စိတ်ဖိစီးမှုတွေကို စကားလုံးအဖြစ် ပြောင်းလိုက်ပြီး ချရေးလိုက်ပါ။ ဒါဟာ သင့်ကို စိတ်သက်သာရာ ရစေမယ့် အချက်တွေထဲက တစ်ခုပါပဲ။

၂၅။ကိုယ်အကြိုက်ဆုံး သီချင်းကို နားထောင်လိုက်ပါ။

အမြဲတမ်း နားထောင်လေ့ရှိတဲ့ သီချင်းမျိုး၊ အကြိုက်ဆုံးသီချင်းမျိုးရှိရင် ဒီအချိန်မှာ နားထောင်ဖို့ တိုက်တွန်းပါရစေ။ သီချင်းတစ်ပုဒ်ဆုံးသွားတဲ့အခါ စိတ်ထဲမှာရှိနေတဲ့ တင်းကျပ်မှုတွေ အားလုံးဖြေလျော့သွားပါလိမ့်မယ်။

၂၆။ကပါ။

ရုံးမှာထကဖို့က မဖြစ်နိုင်ရင်တောင် အိမ်မှာဖြစ်ဖြစ် သီချင်းဖွင့်ပြီး ကတတ်သလို စိတ်လွတ်လက်လွတ်ကလိုက်ပါ။ ချွေးထွက်ပြီး မောသလိုလိုရှိလာတဲ့အချိန် သင့်စိတ်တွေလည်း ပျော်ရွှင်မှုတစ်ခုကို ခံစားရပါလိမ့်မယ်။

၂၇။ပန်းရနံ့လေးတွေကို ရှုရှိုက်ပါ။

ကိုယ့်အလုပ်စားပွဲမှာ ပန်းအိုးထိုးတတ်တယ်ဆိုရင် ပန်းအိုးထဲက နှင်းဆီပန်း၊ ဒါမှမဟုတ် အနံ့မွှေးတဲ့ ပန်းတစ်ခုခုကို နမ်းရှိုက်လိုက်ပါ။ ဒါဆို စိတ်အာရုံကြည်လင်သွားမှာပါ။

၂၈။ကော်ဖီရနံ့လေးနဲ့ စိတ်ကိုလန်းဆန်းအောင် ဖန်တီးပါ။

ကော်ဖီကြိုက်တဲ့သူ တော်တော်များများဟာ ကော်ဖီဖျော်ပြီး ထွက်လာတဲ့ အနံ့လေးကို နှစ်ခြိုက်ကြပါတယ်။ အဲ့ဒီရနံ့လေးကြောင့် စိတ်ရှုပ်သက်သာသွားတာမျိုးတွေ ရှိပါတယ်။

၂၉။ကိုယ်ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်နဲ့အတူ ဆော့ပါ၊ စကားပြောပါ။

အိမ်မှာဆိုရင်တော့ ဒီအချက်လေးက သင့်အတွက် ကောင်းပါတယ်။ စိတ်တွေရှုပ်၊ ဖိစီးမှုတွေ ခံစားနေရသူတွေအတွက် အိမ်မွေးတိရစ္ဆာန် ခွေး၊ ကြောင် စတာတွေနဲ့အတူ ဆော့လိုက်ရင်၊ စကားပြောလိုက်ရင် ခုန ခံစားနေရတာတွေ သက်သာသွားပါလိမ့်မယ်။

၃၀။သူငယ်ချင်း တစ်ယောက်ယောက်နဲ့ စကားပြောပါ။

ကိုယ့်ကို နားလည်မှုပေးနိုင်တဲ့ သူငယ်ချင်းမျိုး ရှိတယ်ဆိုရင် သူနဲ့ စကားပြောလိုက်ပါ။ ဒါဆိုရင် စိတ်ညစ်စရာတွေ လျော့သွားပါလိမ့်မယ်။

Trend Myanmar

No comments:

Post a Comment