Monday, January 12, 2015

မဟာဒုဂ္ဂတ- မဟာဒုတ်

မဟာဒုဂ္ဂတ-မဟာဒုတ် Essay Tittle အပြည့်အစုံ................................

ကောင်းမြတ်သော မင်္ဂလာ ကောင်းမြတ်သော အချိန်အခါကာ သမယမှာ ရှေးဦးစွာမိတ်ဆက်အနေနဲ့ “မင်္ဂလာအပေါးနှင့် ခညောင်းပါစေကြောင်း”လို ဆန္ဒပြုပါရစေ! Online ပေါ်မှာ Essay ရှည်ရှည် ရေးမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမပေါ်ခဲ့သလို အကြောင်းတိုက်ဆိုင်မှု့လဲ မရှိခဲ့ပါဘူး၊ 

သို့ပေမဲ့ မကြာမှီ ရက်အနည်းငယ်က Online ပေါ်မှာလဲ ခင်မင်မှု့ရှိခဲ့သလို အပြင်မှာလဲ တစ်ရင်းတစ္နီးခင်မင်ရသူ တစ်ယောက်ရဲ့ မေးခွန်းတွေကို ဖြေရင်း “မဟာဒုဂ္ဂတ“ ဆိုတဲ့ Essay လေးကို ရေးပေးဖို့ တောင်းဆိုလာပါတယ်၊ မိမိက မရေးပါရစေနဲ့ လို့တောင်းပန်ခဲ့ပါတယ်၊ မိမိက ပညာရှင်တစ်ယောက်မဟုတ်တာက တစ်ကြောင်း၊ ဆရာလုပ်ပြီး စာသင်သားများကို စာပို့ချနေရင်း ပါရဂူဘွဲ့အတွက် စာပေများကို လေ့လာနေသူဖြစ်လို့ အချိန်အနည်းငယ်သာ ရသည့်အတွက်ကြောင့် မပြည့်စုံလျှင် ရှက်ဖို့ကောင်းတယ်လို့ ငြင်းရင်းနဲ့ပဲ အခုလိုမပြည့်မစုံလေး ရေးဖြစ်ခဲ့ပါတယ်......................... ထားပါတော့လေ............
ယခုတင်ပြမည့် Essay Tittle လေးကတော့ “မဟာဒုဂ္ဂတ” တဲ့ မဟာဒုဂ္ဂတ ဆိုတာ ပါဠိသတ် ဝေါဟာရလေးပါ၊ မဟာ-များစွာသော၊ ဒုဂ္ဂတ-ဆင်းရဲခြင်း၊ မြန်မာမှု့ပြုလိုက်တော့ လွန်စွာဆင်းရဲသော ပုဂ္ဂိုလ် လို့ဘာသာပြန်ရပါလိမ့်မယ်၊ ဒီစကားလေး၏ သမိုင်းကြောင်းကို တစ်စေ့တစ်စောင်း ပြန်ပြောင်းကြည့်မယ်ဆိုရလျှင် “မဟာဒုဂ္ဂတ“ မဟာဒုတ်ဆိုတာ ဆွမ်းလောင်းပွဲ (တစ်နည်း)အားဖြင့်ပြောရလျှင် ဆွမ်းလှူပွဲလေးကို အကြောင်းပြုပြီး ဖြစ်ပေါ်လာကြောင်း စာပေများတွင် ဖတ်ရှု့ခဲ့ရပါတယ်၊ ထိုပွဲလေးကို ယနေ့ခေတ်တွင် ကျယ်ကျယ်ပြန်ပြန့် ရွှေမြန်မာများ ပြုလုပ်နေကြကြောင်း လေ့လာတွေ့ရှိရပါသည်။
ဒီမှာတွင် ခေတ္တခဏ ရပ်ဆိုင်းပြီး အနားပေးကြအုန်းစို့......................
“မဟာဒုဂ္ဂတ” အဆက်လေးပါ………………….
မဟာဒုဂ္ဂတ- မဟာဒုတ် ဆွမ်းလောင်းပွဲလေးသည် ဦးဇင်းတို့ နေထိုင်နေရာ ဘုရားငါးဆူပွင့်မည့် ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူကြသော မြတ်စွာဘုရားရှင်တို့တွင် သုံးဆူမြောက် ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်အခါကဖြစ်ပါသည်။ ကဿပမြတ်စွာဘုရားရှင်သည် တပည့်သာဝကအပေါင်း နှစ်သောင်းခြံရံတော်မူကာ ဗာရာဏသီပြည်သို့ ကြွချီတော်မူခဲ့ပါသည်၊ ထိုစဉ်အခါ တိုင်းသူပြည်သားများက ရှစ်ဦးစီ-ဆယ်ဦးစီ group ဖွဲ့စည်း၍ မြတ်စွာဘုရားရှင်နှင့်တကွ တပည့်သာဝကတို့အား အာဂန္တုကဆွမ်း= ဧည့်သည်ဆွမ်းကပ် လှူဒါန်းမှု့ပြုခဲ့ကြပါသည်။ ဆွမ်းလှူပွဲအပြီးတွင် မြတ်စွာဘုရားရှင်က တပည့် ဒကာ ဒကာမတို့အား ဆွမ်းအနုမောဒနာတရား မိန့်ချွေတော်မူပါသည်။
တရားအကျဉ်းချုပ်မှာ……………………..
1။ လောက၌ အချို့သောသူများသည် အလှူဒါန ပြုလုပ်ကြသည့်အခါဝယ်----“မိမိ ကိုယ်တိုင် သာလှူဒါန်းမှု့ပြုပြီး အခြားသူများကိုတော့ အလှူဒါနပြုဖို့ရန် မတိုက်တွန်းကြ” သို့အတွက်ကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝပါသော်လည်း အခြွေရံ သားသမီး တပည့်သာဝကများ မရှိနိုင်။ ဤအကြောင်းနှင့် ပတ်သက်၍ အငယ်ငယ်မျှ မီးမောင်းထိုးပြချင်ပါသည်= ယခုခေတ်တွင် အချို့သောသူများသည် ပစ္စည်းဥစ္စာများ အလွန့်အလွန်ကို ကြွယ်ဝချမ်းသာပါသော်လည်း လှပသောအိမ်လေးရဲ့ ကျက်သရေဆောင် ဆွဲလဲလေးများဖြစ်သည့် သားသမီးများ မရခြင်းဆိုသည့် အချက်ကို သတိချပ်ရမည်ဖြစ်ပါသည်။ (ဤအချက်နှင့် ပတ်သက်၍ အခါအားလျော်စွာ ဆွေးနွေးပါအုန်းမည်။ ကြုံကြိုက် သောအခါမှ)
2။ အချို့သောသူများသည် “သူတစ်ပါးကိုသာ အလှူဒါနပြုလုပ်ဖို့ တိုက်တွန်းနိုးဆော်၍ မိမိကိုယ်တိုင်ကြတော့ မလှူဒါန်းမပေးကမ်းကြ” သို့အတွက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ သားသမီး အခြွေအရံ အသင်းအပင်း အပေါင်းအသင်း ပေါများပါသော်လည်း ပစ္စည်းဥစ္စာမပြည့်စုံပဲ ဖြစ်ရသည်။
3။ အချို့သောသူများသည် “မိမိကိုယ်တိုင်ကလည်း မလှူဒါန်း မပေးကမ်း- သူတစ်ပါးကိုလည်း အလှူဒါန ပြုလုပ်ဖို့ရန် တိုက်တွန်းနှိုးဆော်မှု့လည်းမပြု” သို့အတွက်ကြောင့် ဖြစ်လေရာဘဝတိုင်း၌ ပစ္စည်းဥစ္စာလည်း မပြည့်စုံ-သားသမီး အခြွေရံ အသင်းပင်း အပေါင်းသင်းလည်း မရှိဖြစ်ရလေသည်။
4။ အချို့သောသူများသည် “မိမိကိုယ်တိုင်ကလည်း အလှူရေစက် လက်နှင့်မကွာ စွန့်ကြဲပေးကမ်း လှူဒါန်းကြသလို အခြားသူများကိုလည်း အလှူဒါန ပြုလုပ်ဖို့ရန် တိုက်တွန်းနှိုးဆော်မှု့ ပြုကြ၏” သို့အတွက်ကြောင့် ဖြစ်လေရာ ဘဝတိုင်း၌ ပစ္စည်းဥစ္စာများလည်း ပေါကြွယ်၀ကြသလို သားသမီး အခြွေရံ အသင်းအပင်း အပေါင်းအသင်းလည်း ပြည့်စုံသည်” ဟု ဓမ္မဒေသနာပွဲ၌ ဟောကြားခဲ့ပါသည်။
ကဿပ မြတ်စွာဘုရားရှင်၏ တရားဒေသနာကို ကြားနာခဲ့ရသော ပညာရှိသူတော်ကောင်းများသည် ဥာဏ်ပညာများပြဋ္ဌာန်းလျက် ပစ္စည်းဥစ္စာများလည်းကြွယ်၀ ချမ်းသာချင်သလို- သားသမီး အခြွေအရံ အသင်းအပင်း အပေါင်းအသင်းလည်း ပေါများချင်ကြသော အမျိုးကောင်းသား ပုဂ္ဂိုလ်များက ကဿပမြတ်စွာဘုရားရှင်နှင့်တကွ နောက်ပါတပည့်သာဝက နှစ်သောင်းတို့ကို နောက်နေ့ နံနက်မိုးသောက် အလင်းရောက်သောအခါ ဆွမ်းအလှူခံရန် မြတ်စွာဘုရားရှင်အား လျောက်ကြားပြီး အပြန်တွင် မိမိနှင့် နီးစပ်ရာရပ်ကွက် အိမ်စသည်တို့ကို ၅-ပါး ၈-ပါး ၁၀-ပါး စသည်ဖြင့် တတ်နိုင်သမျှ မိမိတို့အိမ်၌ ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းခဲ့ဖွယ်ဘောဇဉ်တို့ကို ဆက်ကပ်လှူဒါန်းရန် တိုက် တွန်းနိုးဆော်သမှု့ပြု ကြလေသည်၊ နှိုးဆော်ပြီးချိန်၌ အိမ်ရှင်များက နိဗ္ဗာန်ဆော်ထံ သံဃာစာရင်းပေးသွင်းကာ နောက်နေ့ နံနက် မင်္ဂလာရှိသော အချိန်အခါကာလ သမယတွင် ဆွမ်းလှူဒါန်းရန် ပြင်ဆင်ကြပါတော့သည်။
ထိုအချိန်၌ ဗာရာဏသီမြို့တွင် အဆင်းရဲအနွမ်းပါးဆုံး သူရင်ငှါးဖြစ်သည့် မဟာဒုဂ္ဂတ ခေါ် မဟာဒုတ်လည်း နိဗ္ဗာန်ဆော်၏ အနီးအနားတွင်း မျက်နှာငယ်လေးနှင့် ငေးမှိုင်နေသည်ကို နိဗ္ဗာန်ဆော်က “ဟေး မဟာဒုဂ္ဂတ မင်းဘာလို့ငေးမှိုင်နေတာလဲ မင်းမှာ မရှိလို့မလှူ မလှူလို့မရှိဆိုတာ မင်းမကြားဘူးဖူးလားကွ မင်းဟာ မြတ်စွာဘုရားနှင့် ကြုံကြိုက်နေသည့် အခွင့်အချိန်မှ လှူဒါန်းမှု့မပြုလျှင် ဘယ်တော့မှ ဆင်းရဲနွမ်းပါးမှု့ လွတ်မြောက်တော့မှာ မဟုတ်တော့” စသည်ဖြင့် တိုက်တွန်းလိုက်သည့်အချိန်တွင် “နိဗ္ဗာန်ဆော်ကြီး ကျွန်တော်မျိုး သံဃာတော်တစ်ပါးအတွက် တာဝန်ယူပါမယ်ခင်ဗျား စာရင်းမှတ်ထားပေးပါ” ဆိုပြီးအိမ်သို့ ပြန်လာခဲ့ပါသည်။
အိမ်သို့အရောက်တွင် အိမ်သူသက်ထားကို “အရှင်မ ငါတော့ မနက်ဖန်နံနက် မင်္ဂလာရှိသော အချိန်အခါကာလ သမယတွင် သံဃာတစ်ပါးကို ဆွမ်းလှူဒါန်းရန် နိဗ္ဗာန်ဆော်ကြီးထံ စာရင်းပေးခဲ့တယ် ငါတို့ အခုချိန်ကစပြီး ဆွမ်းတစ်နပ်စာ ဆက်ကပ်လှူဒါန်းဖို့ ငွေရှာထွက်ကြမယ်” ဆိုပြီး ထွက်ကြရာ သူဌေးတစ်ဦးထံတွင် သူရင်းငှါးလုပ်ပြီး လုပ်ခအဖြစ် သူဌေးကြီးထံမှ သလေးဆန် ရှစ်စလယ်ကို ရရှိခဲ့ပါသည်၊ ထို့ပြင် အိမ်ရှင်မကလည်း သူဌေးကတော် တစ်ဦးထံမှာ သူရင်းငှါလုပ်ပြီး လုပ်ခအဖြစ် ထောပတ်တစ်ဇလုံ၊ နို့ဓမ်းအိုးနှင့် သလေးဆန် တစ်စလည်တို့ကို ရရှိပြန်ပါတယ်၊ ဤသို့ဖြင့် မဟာဒုဂ္ဂတို့ အကြင်လင်မယားနှစ်ဦးမှာ သံဃာတော် တစ်ပါးဆွမ်းတော်ကပ်ဖို့ရန် ပြည့်စုံနေပြီဖြစ်ရကား ပဌမဇောစေတနာ ပြဌာန်းလျက် စိတ်ကြည်နူး ဝမ်းမြောက်လျက်ရှိပေသည်။
နောက်နေ့နံနက် ဆွမ်းဆက်ကပ် လှူဒါန်းမည့်နေ့တွင် ဆွမ်းစားပွဲဝိုင်း၌ ပြည့်စုံလုံလောက်စေရန် ဟင်းသီးဟင်းရွက်နှင့် အသားငါးတို့ကိုလည်း တံငါသည်တို့အား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရာမှ ဆွမ်းကပ် လှူဒါန်းဆိုသည့်အတွက် ငါးကြင်းလေးကောင်တို့ကို လက်ဆောင်အဖြစ် ပေးလိုက်လေသည်။
လူမင်းဘုန်းကြီး နတ်မင်းမနေသာ ဆိုသလိုပဲ သကြားမင်းသည် မြတ်စွာဘုရား မဟာဒုဂ္ဂတ- မဟာဒုတ် အိမ်သို့ဆွမ်းအလှူခံ ကြွချီးမြှောက်အကြောင်းကို သိသဖြင့် မဟာဒုဂ္ဂတဒုတ်ကြီးအိမ်သို့ ဆွမ်းချက်စေတနာ့ ဝန်ထမ်းပြုလိုပါကြောင်း စသည်ဖြင့် စကားစမည်ပြောဆိုကာ ဆွမ်းချက်တာဝန်ကို ဆောင်ရွက်ပါတော့သည်။
မဟာဒုဂ္ဂတ-မဟာဒုတ်သည် သံဃာတော်ပင့်ချိန်နီး၍ နိဗ္ဗာန်ဆော်ထံသို့ သွားရောက်ပြီး မိမိတာဝန် ယူထားသည့် သံဃာတော်တစ်ပါးပေးပါရန် တောင်းခံသည့်အခါတွင်မှ နိဗ္ဗာန်ဆော်ကြီးသည် မဟာဒုတ် သံဃာတော် တစ်ပါး ယူထားသည်ကို သတိထားမိပြီး “သူငယ်ချင်းငါတော့ ငါမင်းအတွက်စာရင်းမှတ်ဖို့ မေ့သွားတယ်ကွာ၊ အခုလည်း သံဃာတော်တွေ ပင့်သွားကြတာကုန်ပြီ” ဟုဆိုလိုက်ရာ မဟာဒုတ်ခမျာ ရင်ဝကို လှံနှင့်ထိုးလိုက်သည့်အလား စိတ်အလွန်ထိခိုက်သွားပြီး “အဲလိုလုပ်လို့ ဘယ်ရမလဲ၊ နိဗ္ဗာန်ဆော်ကြီး သံဃာတစ်ပါး မဖြစ်မနေ ပေးမှဖြစ်မယ်”လို့ လက်မြှောက်ပြီး ငိုကြွေးပါတော့သည်။ ထိုအချိန်တွင် နိဗ္ဗာန်ဆော်ကြီးက မဟာဒုတ်ကို နှစ်သိမ့်သောအားဖြင့် အခြားသံဃာတွေကိုတော့ လိုက်ပင့်ပေးလို့ မရတော့ဘူးကွာ၊ မြတ်စွာဘုရားရှင် ကိုယ်တော်ကြီးတော့ ဂန္ဓကုဋီတိုက်တော်အတွင်းမှာ ရှိနေသေးတယ် မင်း သတ္တိရှိရင်တော့ မြတ်စွာဘုရားရှင်၏ မြသပိတ်တော်ကို တောင်းခံပေတော့၊ ဂန္ဓကုဋီတိုက်ရှေ့မှာ အိမ်ရှေ့မင်း၊ သူဌေး သူကြွယ်တွေ စောင့်နေကြတယ် မြတ်စွာဘုရားတို့မည်သည် သူဆင်းရဲကို သနားချီးမြှောက်လေ့ ရှိပါတယ် မင်းသာရဲရဲဝံ့ဝံ့သာ လျောက်ကြားပေတော့ မင်းကံကောင်းရင်တော့ ရမှာပဲ” လို့ စေလွှတ်လိုက်ပါ သည်။


ထိုအခါ မဟာဒုတ်သည် မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ဂန္ဓကုဋီတိုက်ရှေ့သို့ အလျှင်အမြန် သွားရောက်ပါတော့သည်၊ ထိုအချိန်တွင် သူဌေး သူကြွယ်များက စာကြွင်းစာကျန်များကို လာတောင်းသူလို့ ထင်မှတ်က ဆွမ်းစားချိန်မဟုတ်သေးကြောင်း ပြောဆိုကာ မောင်းထုတ်လေသည်၊ 


မဟာဒုတ်က စာကြွင်းစာကျန်ကို တောင်းစားသူမဟုတ်ပါ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဖူးမြှော်ရန်လာရောက်သူဖြစ်ပါသည်” ဟု ပြောဆိုကာ ဂန္ဓကုဋီတိုက်တံခါးခုံကို နဖူးနှင့် ဦးတိုက်ကာ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား ဗာရာဏသီမြို့မှာ တပည့်တော်ထက် ဆင်းရဲတဲ့သူမရှိပါဘုရား၊ အရှင်ဘုရားသည် ဘုရားတပည့်တော်၏ အားကိုးအားထားရာ ဖြစ်တော်မူပါဘုရား၊ ဘုရားတပည့်တော်ကို သနားသဖြင့် ဆွမ်းအလှူခံ ချီးမြှောက်တော်မူပါဘုရား” ဟု မြင်သူတိုင်းက သနားချင်အောင် သနားစဖွယ် လျောက်ထားပါတော့သည်။

ထိုအချိန်တွင် မြတ်စွာဘုရားရှင်က ဂန္ဓကုဋီတံခါးကို ဖွင့်တော်မူကာ သပိတ်တော်ကို မဟာဒုတ် လက်ထဲသို့ အပ်နှင်းလိုက်လေသည်၊


 သပိတ်တော် လက်ထဲသို့ရောက်သည်နှင့် တစ်ပြိုင်နက် မဟာဒုတ်သည် တိုင်းပြည်အုပ်ချုပ်ရသည့် မင်းဘုရင်ဖြစ်ရသည့်အလား အလွန့်အလွန်ပင် ဝမ်းသာအားရဖြစ်သွား ပါတော့သည်။

 မြတ်စွာဘုရားရှင်၏ သပိတ်တော်ကို ရယူဖို့ရန်စောင့်စားနေသော သူဌေးသူကြွယ်များကလည်း တစ်ယောက် မျာက်နှာ တစ်ယောက်ကြည့်လျက် အံဩမဆုံး ဖြစ်နေကြပါသည်။ 

ဘုရားရှင်ကိုယ်တော်တိုင် ပေးအပ်လိုက်သည့် သပိတ်ကို တန်းခိုးရှင်ဖြစ်စေကာမူ ယူနိုင်ရိုးထုံးစံမရှိပေ၊ ထို့ကြောင့် မဟာဒုတ်ထံမှ သပိတ်တော်ကို ငွေအသပြာများပေး၍ ဝယ်ယူကြပါသည်၊ မဟာဒုတ်က--------“အကျွန်ုပ် ငွေမလိုပါ၊ ဗုဒ္ဓမြတ်စွာကိုသာ ဆွမ်းဆက်ကပ်လိုပါသည်” ပြောဆိုကာ ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အိမ်သို့ပင့်ဆောင်သွားပါသည်၊ ဗုဒ္ဓမြတ်စွာသည်လည်း မဟာဒုတ်၏ နိမ့်လှစွာသော တဲပုတ်အိမ်လေးအတွင်းသို့ ပကတိအတိုင်းကြွတော်မူ၍ သိကြားမင်းခင်းထားသော နေရာ၌ သီတင်းသုံးတော်မူပါသည်၊ မဟာဒုတ်ကလည်း သိကြားမင်းစီမံထားသော ယာဂုဆွမ်းစသည်တို့ကို ရိုသေကိုင်းညွတ်စွာ ဆက်ကပ်လှူဒါန်းပါသည်၊ မြတ်ဗုဒ္ဓသည်လည်း ဆွမ်းခဲဖွယ်ဘောဇဉ် ချိုချဉ်တို့ကို ဘုန်းပေးသုံးဆောင်တော်မူပြီးသောအခါ အနုမောဒနာတရား ဟောကြားပြီး ပြန်ကြွတော်မူပါသည်၊ မဟာဒုတ်သည်လည်း မြတ်စွာဘုရားရှင်၏ သပိတ်တော်ကို ထမ်းလျက် မြတ်စွာဘုရားရှင်ကို ကျောင်းတော်သို့ အရောက်ပို့ဆောင်ခဲ့ပါသည်။ 



သိကြားမင်းသည် မဟာဒုတ်အား ပါရမီဖြည့်ဆည်းပြီးနောက် နတ်ပြည်သို့ပြန်ရန် အိမ်မှအထွက်တွင် တံခါး၀၌ရပ်ကာ အထက်ကောင်းကင်သို့ မော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ရတနာခုနှစ်ပါးမိုး ရွာသွန်းဖြိုးလေရာ မဟာဒုတ်အိမ်၌ အိုးခွက်များပါမကျန် တစ်အိမ်လုံး တစ်အိမ်လုံးရတနာများဖြင့် လွှမ်းမိုးသွားပါတော့သည်၊ မဟာဒုတ်၏ အိမ်သူဇနီးသည်မှာ နေစရာမရှိသဖြင့် ကလေးများကိုပါ ခေါ်ထုတ်ကာ အိမ်အပြင်တွင် ရပ်နေရပါသည်၊ 


မဟာဒုတ်သည် မြတ်စွာဘုရားကျောင်းတော်မှ ပြန်ရောက်လာ၍ ရတနာမိုးများ ရွာသွန်းသည့်အကြောင်းသိရသည့်အခါ “ငါ့ဆွမ်းအလှူကတော့ ဒီနေ့မှာပဲ အကျိုးပေးပြီ” ဟုဆိုကာ ရှင်ဘုရင်ထံမှောက်သို့ သွားရောက်ကာ “မိမိရဲ့ရတနာခုနှစ်ပါးကို လှည်းအစီးတစ်ထောင်ဖြင့် သယ်ဆောင်တော်မူပါ” လျောက်တင်ပါတော့သည်။ 

မင်းကြီးသည် မဟာဒုတ်လျောက်ထားသည့်အတိုင်း ရတနာခုနှစ်ပါးတို့ကို လှည်းများဖြင့်သယ်ဆောင်၍ မင်းရင်ပြင်၌ စုပုံထားရာ ယခုခေတ်အခေါ် ထီးရိုးဝါး နှစ်ပြန်စာလောက်ရှိသတဲ့၊ ယင်းနောက် တိုင်းသူပြည်သူများ၏ ဆန္ဒအတိုင်း မဟာဒုတ်ကြီးအား ထူးခြားသောသူအဖြစ် ပူဇော်သက္ကရပြု၍ သူဌေးရာထူးကို ပေးသနားတော်မူပါသည်။ 


ယင်းနောက် သူဌေးကြီးတစ်ဦးနေထိုင်ခဲ့သော မြေနေရာဟောင်းကို နေစေကာ အိုးသစ်အိမ်သစ် ဆောက်လုပ်ပြီး ဘုရားအမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့ကိုအား ခုနှစ်ရက် ခုနှစ်လီ ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို လှူဒါန်းဆက်ကပ်ပါတော့သည်။ 

ယင်းနောက် မဟာဒုတ်ကြီးဘ၀ အဆက်ဆက် သံသရာလည်ခဲ့ပြီးနောက် ဂေါတမဗုဒ္ဓမြတ်စွာလက်ထက်တွင် ပဏ္ဍိတသာမဏေဖြစ်လာ၍ ခုနစ်နှစ်အရွယ်၌ပင် ပဋိသမ္ဘိဒါပတ္တ ရဟန္တာဖြစ်လာခဲ့ပါသည်။ 

ဤသို့ဖြင့် မဟာဒုဂ္ဂတ- မဟာဒုတ်၏ ဆွမ်းအလှူပွဲလေး၏ သမိုင်းလေးကို နိဂုံးချုပ်ရမည် ဆိုရပါလျှင် ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်ကပင် စတင်ဖြစ်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်၊ ဤဆွမ်းအလှူပွဲလေးကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုး သူတော်စဉ်များသည် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အစဉ်လာမပျက် ယနေ့တိုင် ကျင်းပပြုလုပ်ခဲ့ကြသလို ဆက်လက်၍ ကျင်းပနေဆဲလည်း ဖြစ်ပါသည်။


အထက်ပါမဟာဒုတ်၏ အလှူသမိုင်းကြောင်းလေးကို လေ့လာကြည့်သည့်အခါ အနီးစပ်ဆုံး မေးခွန်း (2) ခုထွက်ပေါ်လာပါတယ်…………………………
 

1။ဘာကြောင့် ဒိဋ္ဌဓမ္မအကျိုးပေးရတာလဲ
2။ဘာကြောင့် နောက်ဆုံးဘ၀၌ ပဋိသမ္ဘိဒါပတ္တ ရဟန္တဖြစ်ရတာလဲဆိုတဲ့ မေးခွန်းလေး ထွက်ပေါ်လာပါတယ် စာဖတ်သူများ၏ ကောက်နှုတ်ချက် Commont လေးတွေကို ဖတ်ရှု့ချင်ပါသည်၊ ဆွေးနွေးချင်ပါသည်၊ အနည်းငယ်ပဲဖြစ်ဖြစ်ပေါ့………………………………………
 

သုခီ အတ္တာနံ ပရိဟရန္တု………………..
 

Ven javana (Maubin)
ကျိုက္ကစံရွှေဟင်္သာကျောင်းသစ်၊ ရတနာလမ်းမကြီး၊
ကျိုက်နောက်ရပ်ကွက်၊ သင်္ဃန်းကျွန်း၊ ရန်ကုန်၊


ဖေ့ဘုတ်ပေါ်တွင် ရေးသားပေးထားသော ဦးဇဝနအား ဦးထိပ်ထားလျက် မသိသေးသူများ သိစေခြင်းငှာ ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။

No comments:

Post a Comment