Friday, January 2, 2015

ဘုရားရှိခိုးရခြင်း၏အကြောင်းရင်း


ဘုရားရှိခိုးရခြင်း၏အကြောင်းရင်းမှာ မြတ်စွာဘုရားသည် ကောင်းသောသဘာဝတရားများ နှင့် မကောင်းသော သဘာဝတရားများကို ဟောကြားပေးခဲ့သည်။ သင်ကြားပေးခဲ့သည်။ ထိုကြောင့် မြတ်စွာဘုရားကို ဗုဒ္ဓဘာသာဝင်တို့က ဆရာအဖြစ်မှတ်ယူသည်။ ဆရာအဖြစ်မှတ်ယူကာ ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းဖြစ်သည်။ မြတ်စွာဘုရားကို ကြောက်၍ ရှိခိုးခြင်းမဟုတ်ပါ။ ရှိမခိုးဘဲ နေလိုက နေနိုင်သည်။ ကိုယ်ကျင့်တရားသာ အဓိကဖြစ်
သည်။ မိမိကိုယ်တိုင် ကိုယ်ကျင့်တရားကောင်းမွန်ကာ
ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လုပ်ပေးဘို့နှင့် ကိုယ့်ပတ်ဝတ်ကျင် စိတ်ချမ်းသာအောင် လုပ်ပေးဘို့ အရေးကြီးသည်။

လွတ်လပ်ရေးရအောင်လုပ်ပေးသော အာဇာနည်သူရဲကောင်းများကို
နိုင်ငံသူ နိုင်ငံသားများက အုတ်ဂူသို့သွား၍ ကျေးဇူးတင် အမှတ်ရ အောက်မေ့သည့်အနေဖြင့် အလေးပြုကြသလို မြတ်စွာဘုရားကို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးခြင်းသာဖြစ်ပါသည်။

ထိုသို့ရှိခိုးရတွင် အကြိမ်ရေ သတ်မှတ်ချက်မရှိပါ။ ရှိခိုးခြင်းထက် ကိုယ်ကျင့်သီလကို ဦးစားပေးသော ဘာသာဖြစ်သည့်အတွက် ကိုယ်ကျင့်ကောင်းဘို့သာလိုပါသည်။
ကိုယ်ကျင့်တရားမကောင်းပဲ ၂၄ နာရီပတ်လုံး ရှိခိုးစေကာမူ ချည်းနှီးဖြစ်သည့်အတွက်
ရှိခိုးခြင်းကို ဦးစားမပေးပါ။ သို့သော် အထက်မှာ ဖော်ပြခဲ့သလို ကျေးဇူးတင်သည့်အနေဖြင့် ရှိခိုးလိုက လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ခန့်က ပေါ်ပေါက်ခဲ့တဲ့ ဘုရားရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် သူ့ရဲ့တရားတော်ကို အာရုံပြုပီး (၁) ကြိမ် သူ့တရားတော်တွေကို မပျောက်အောင် ထိမ်းသိန်းစောင့်ရှောက်တဲ့သူတွေရဲ့ ဂုဏ်ကို အာရုံပြုပီး (၁) ကြိမ် စုစုပေါင်း တစ်ခါရှိခိုးခြင်း အမှုပြုက ဦး (၃) ကြိမ်ချရပါသည်။

ရှိခိုးရာတွင် ခြေ၊ လက်၊ နဖူး၊ တဒေါင်ဆစ်၊ ဒူးတို့ကို ကြမ်းပြင်ထိစေ၍ ရှိခိုးရပါသည်။ ထိုသို့ ကြမ်းပြင်ကို ထိရခြင်းရည်ရွယ်ချက်မှာ ရှိခိုးသူ၏ မာန်မာနများ နှိမ့်ချစေခြင်းပင်ဖြစ်ပါသည်။
ဥပုသ်စောင့်ရခြင်း

ဥပုသ်စောင့်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မတော်မတရားလိုချင်မှု လောဘ၊
ကြမ်းကြုတ်မှု ဒေါသ၊ မိုက်မဲတွေဝေမှု မောဟ တို့ နည်းပါးအောင် လုပ်ခြင်းပင်ဖြစ်ပါသည်။ အဆင်းအာရုံ၊ အသံအာရုံ စသော ငါးဖြာအာရုံတို့အပေါ်မှာ မှီပြီး မကောင်းတဲ့ စိတ် မဝင်မိအောင်၊ မဖြစ်ပေါ်လာအောင် ကြိုးစားခြင်းကို ဥပုသ်စောင့်ခြင်း ဟုခေါ်ပါသည်။

ဥပုသ်ကို ပုံမှန်အားဖြင့် လပြည့်နေ့နှင့် လကွယ်နေ့များတွင် စောင့်ထိန်းလေ့ရှိပါသည်။
သို့သော် မိမိဆန္ဒအားလျှော်စွာ မည်သည့်နေ့တွင်မဆို စောင့်ထိန်းနိုင်ပါသည်။
အတင်းအကျပ် လုပ်ကို လုပ်ရမယ် ဆိုသော ဖိအားပေးမှုမျိုး ဗုဒ္ဓဘာသာတွင် မရှိပါ။ ဗုဒ္ဓဘာသာလမ်းစဉ်သည် အလယ်အလတ်လမ်းစဉ် ဖြစ်ပါသည်။

ဥပုသ်စောင့်ရာတွင် စည်းကမ်းချက်များမှာ ထွေထွေထူးထူးမရှိပါ။ ရှစ်ပါးဥပုသ်သီလ၊ ကိုးပါးဥပုသ်သီလ၊ ဆယ်ပါးဥပုသ်သီလစသည်ဖြင့် ရှိပါသည်။ မိမိအရွယ်နှင့် မိမိအင်အားနှင့် မိမိအချိန်နှင့်ကိုက်ညီအောင် ဥပုသ်သီလများ စောင့်ထိန်းနိုင်ပါသည်။

ဗုဒ္ဓဘာသာအဓိကပွဲသဘင်များကို ဗုဒ္ဓမြတ်စွာဘုရားက ချမှတ်ခဲ့တာ မဟုတ်ပါ။ နောင်လာနောက်သားများက ဗုဒ္ဓဘာသာအမှတ်တရနေ့များအဖြစ် သတ်မှတ်ပြီး ကျင်းပကြခြင်းဖြစ်ပါသည်။

ဥပမာ။ မေလ လပြည့်နေတွင် (Vesak Festival) ဝိသာခါ ပွဲသဘင်ကို ကျင်းပပါသည်။
ထိုပွဲသဘင်သည် ဘုရားဖြစ်မဲ့သူရဲ့ မွေးနေ့၊ ဘုရားအဖြစ်သို့ရောက်တဲ့နေ့၊
ဘုရားကွယ်လွန်တဲ့နေ့တို့ကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ဘို့ လိုက်နာရမည့်စည်းကမ်းသတ်မှတ်မထားပါ။ ဗုဒ္ဓဘာသာတွင် ငါးပါးသီလရှိပါသည်။ ထိုငါးပါးသီလသည် ဗုဒ္ဓဘာသာဝင်အတွက် မဟုတ်ပါ။ လူသားတိုင်းအတွက်ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တို့၏ ဘုရားကို ကြားဘူးစရာမလိုပါ။ မြင်ဘူးစရာမလိုပါ။ ရှိခိုးစရာ မလိုပါ။ ငါးပါးသီလ စောင့်ထိန်းက ထိုငါးပါးသီလစောင့်ထိန်းသူသည်
ဗုဒ္ဓဘာသာဝင်ဖြစ်သွားပေတော့သည်။ ငါးပါးသီလစောင့်ထိန်းသူ ဘယ်သူမဆို။
တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊
ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် ကောင်းတဲ့ ဘုံဘ၀ ရောက်မည်။

ငါးပါးသီလ မစောင့်ထိန်းသူ ဘယ်သူမဆို၊ တရုတ်ဖြစ်ဖြစ်၊ နီဂရိုးဖြစ်ဖြစ်၊ အင်္ဂလိပ်ဖြစ်ဖြစ် ၊ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ဖြစ် မကောင်းတဲ့ ဘုံဘ၀ ရောက်မည်။

ငါးပါးသီလ
(၁) သူတပါးအသက ္မသတ္ရ။
(၂) သူတပါးဥစၥာ မခုိးရ။
(၃) သူတပါး သားမယား စိတ်နဲ့တောင် မပြစ်မှားရ။
(၄) လိမ်မပြောရ။
(၅) အရက်၊ ဆေးခြောက်စတဲ့ မူယစ်စေတတ်တဲ့အရာဝတ္ထုမှန်သမျှ မသုံးစွဲရ။

ဗုဒ္ဓဘုရားဖြစ်ပေါ်ရခြင်း၏အကြောင်းရင်းမှာ သဘာဝတရားကို သိဘို့ ကြိုးစားရင်း နောက်ဆုံးသဘာဝတရားတွေကို သိလာလို့ သိသူ (ဗုဒ္ဓ) အမည်ရလာတာ။ ဗုဒ္ဓဆိုတာ သိသူလို့ အဓိပ္ပါယ်ရပါတယ်။

ဗုဒ္ဓဘာသာတို့၏ အဓိကယုံကြည့်ချက်မှာ ကံ၊ ကံ၏အကျိုးကို ယုံကြည်ခြင်းဖြစ်သည်။
ထာဝရဘုရားသခင်ကို မယုံကြည်။

မွေးခါစကတည်းက မျက်စိကန်းလာတဲ့ခလေးလေးတွေ၊ နားမကြားတဲ့ခလေးတွေ၊
ရုပ်မလှတဲ့သူ၊ ရုပ်လှတဲ့သူ၊ ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူတွေ ဘာကြောင့် ဒီလိုဖြစ်နေကြရတာလဲ ဆိုတဲ့ အကြောင်းအကျိုး သဘာဝကို လေ့လာလက်ခံယုံကြည်သော ၀ါဒဖြစ်သည်။

ဗုဒ္ဓဘာသာတွင် အကြမ်းအားဖြင့်း ဂိုဏ်းကြီး ၃ ဂိုဏ်းကွဲပြားနေသည်။
ယင်းတို့မှာ
(၁) ထေရ၀ါဒဗုဒ္ဓဘာသာ
(၂) ဟီနယာနဗုဒ္ဓဘာသာ
(၃) မဟာယာနဗုဒ္ဓဘာသာ တို့ဖြစ်သည်။
၁။ ထေရဝါဒဗုဒ္ဓဘာသာ
ထို့ကြောင့်ထေရဝါဒသာသနာဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူထားသော
တရားတော် မူရင်းအတိုင်း လက်ခံကျင့်သုံးသည်။ ထုတ်ပယ်ခြင်း၊ ဖြည့်စွက်ခြင်းမပြု။
ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ ရိုးရိုးသာမန် တပည့်အဖြစ်ဖြင့် ကျင့်သုံး၍လည်း ရောက်နိုင်သည်။ ဘုရားဖြစ်အောင် ကျင့်ကြံ၍လည်း ဘုရားဖြစ်ပြီး ပန်းတိုင်ဖြစ်သောနိဗ္ဗာန်သို့ရောက်နိုင်သည်။
ထေရဝါဒဗုဒ္ဓဘာသာကို
၁။ မြန်မာ၊ ၂။ ထိုင်း၊ ၃။ သီရိလင်္ကာ၊ ၄။ ကမ္ဗောဒီးယား၊ ၅။ လော-နိုင်ငံတို့မှာ ကိုးကွယ်နေလျက် ရှိကြသည်။
ထေရဝါဒဗုဒ္ဓဘာသာဟူသည်မှာ မြတ်စွာဘုရား၏ တရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မပြုမပြင်၊ မဖြည့်မစွက်၊ မပယ်မနှုတ်ဘဲ
လိုက်နာကျင့်သုံး သည့် ဗုဒ္ဓဘာသာကို ခေါ်ဆိုခြင်းသာတည်း။
၂။ ဟီနယာနဗုဒ္ဓဘာသာ
ထေရဝါဒဗုဒ္ဓဘာသာကဲ့သို့ မူရင်းတရား အစစ်အမှန်တွေကိုလည်း အတိအကျ မလိုက်နာနိုင် မဟာယာနတွေလောက်လည်း ပြုပြင်ဖြည့်စွက်ပယ်နှုတ်ဖို့ မလုပ်ချင်သော ဗုဒ္ဓဘာသာကို ဟီနယာနဗုဒ္ဓဘာသာဟု ခေါ်ဆိုသည်။

အခုအခါမှာတော့ ၎င်းဂိုဏ်းတို့သည် မဟာယာန ဗုဒ္ဓဘာသာဂိုဏ်းက မျိုထားခြင်းကို ခံလိုက်ကြရသည်ဖြစ်၍ မဟာယာနအတွင်းမှာ တိမ်မြုပ်ကြကုန်ပြီး ပျောက်ကွယ် သလောက် ဖြစ်သွားကြပါသည်။

ယင်းဂိုဏ်းတို့အား ဟီနယာန=နိမ့်ကျသည့်ယာဉ်ဟူ၍ နာမည်တပ်မှုကို မဟာယာနတို့က ပြုလုပ်ခဲ့သည်။ ဘီစီ ငါးရာစုခန့်က စတင်ပေါ် ထွန်းခဲ့သည့်ဂိုဏ်းဟု ဆိုနိုင်ပါသည်။
၃။ မဟာယာနဗုဒ္ဓဘာသာ


မဟာယနဂိုဏ်း၏ အဓိကအချက်ကြီးကား ဘုရားလောင်းဝါဒပင်ဖြစ်သည်။
လူတိုင်းလူတိုင်း သတ္တ၀ါတိုင်းသတ္တ၀ါတိုင်း ဘုရားလောင်းဆုကို ယူရသည်။
ဘုရားလောင်းဖြစ်ရမည်။ ဘုရားလောင်းအဖြစ်နှင့် လောကကို ကယ်တင်ရမည်။
ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ သွားရမည်။

မြတ်စွာဘုရား ဟောကြားတော်မူသည့်အတိုင်း မဟုတ်ဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလ အစရှိ သော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီအောင် ဘုရားရှင်၏ တရားတော်တို့ကို ပြုပြင်ပြီး တပည့်သာဝကအဖြစ်၊ သီးခြားဘုရား (ဘုရားဖြစ်ကာမတ္တ) ပစ္စေကအဖြစ်ဖြင့်
နိဗ္ဗာန်ကိုမရနိုင်ဘဲ သမ္မာသမ္ဗုဒ္ဓအဖြစ်ဖြင့်သာ နိဗ္ဗာန်ကို ရနိုင်သည်ဟူ၍ ယူဆသည့် ဗုဒ္ဓဘာသာကို မဟာယာနဗုဒ္ဓ ဘာသာဟုခေါ်ဆို သည်။
ယခု -တိဘက်၊ ဆိကင်၊ ဘူတန်၊ နီပေါ၊ မွန်ဂိုလီးယား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဗီယက်နမ် အစရှိသောနိုင်ငံ - တို့မှာမဟာယာနဗုဒ္ဓဘာသာကို ကိုးကွယ်နေကြသည်။




မှတ်ချက်။ ထေရ၀ါဒနှင့် ဟီနယာန မတူပါ။

ဒေါက်တာအရှင်ဣန္ဒက (Dhamma Garden)

No comments:

Post a Comment