Friday, January 16, 2015

အော်ပြေးရတဲ့ ကပ္ပိယ

လွန်ခဲ့သည့် ၁၈ နှစ်ဝန်းကျင်ခန့်က အဖြစ်အအပျက် တစ်ခု ဖြစ်ပါသည်။ ကျနော်တို့၏ ဖခင်မှာ မူလတန်းကျောင်အုပ် ဖြစ်သည့်အလျောက် ကရင်ပြည်နယ် အရှေ့ပိုင်း တစ်နေရာရှိ “ကျောက်တောင်” ဟုခေါ်သော နယ်ကျေးရွာကြီး တစ်ရွာတွင် တာဝန်ထမ်းဆောင်ရန်
တာဝန်ကျလာသည်။ သို့နှင့် မိသားစု ငါးယောက်လုံး ပြောင်းရွှေ့နေထိုင် ရသည်။ မိဘများနှင့် ကျနော်၊ ညီလေးနှင့် ညီမလေး အထွေးဆုံးတို့ ဖြစ်သည်။

ရွာကြီးမှာ အတော်အတန် ကြီးသည့်အလျောက် အိမ်ခြေ ၅၀၀ ကျော်ခန့်ရှိမည် ထင်သည်။ ရွာအား အရှေ့၊ အနောက်၊ တောင်၊ မြောက်နှင့် အလယ်ပိုင်းဟူ၍ အပိုင်း ၅ ပိုင်းခွဲထားကာ အလယ်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်း တည်ရှိသည်။ ၎င်းဘုန်းတော်ကြီးကျောင်းနှင့်
ခြံဝင်းမှာ အတော်ပင် ကြီးမားလှသော်လည်း ကျောင်းထိုင် ဆရာတော်တစ်ပါး၊ ဦးပဥ္ဇင်းတစ်ပါး၊ ကိုရင်လေးတစ်ပါး၊ ကပ္ပိယကြီး တစ်ယောက်နှင့် ဘုန်းကြီးကျောင်းသား ၂ ယောက်သာ ရှိသည်။

ရွာသို့ရောက်ပြီး ၁ လခန့်အကြာတွင် ကျနော်နှင့် ကျနော့်ညီအား ဘုန်းကြီးကျောင်းတွင်ထားကာ စာကို ဆက်လက် သင်စေသည် (နောင်တွင် သိရသည်မှာ ဆိုးလွန်းလှ၍ ဘုန်းကြီးကျောင်းသို့ ပို့လိုက်ခြင်းပင်)။ ရွာရှိ စာသင်ကျောင်းတွင်လည်း စာသင်သလို ဘုန်းကြီးကျောင်း တွင်လည်း စာသင်ရသည်။ ကျောင်းပိတ် ရက်များ၌သာ အိမ်ပြန်ခွင့် ရလေသည်။

သို့နှင့် ထိုရွာတွင် အပေါင်း အသင်းများလည်း တိုးပွားလာကာ ၎င်းတို့ဒေသသုံး စကားဖြစ်သည့် ပအို့ဝ်စကားကို အတော်အတန် နားလည်လာသည်။ သီချင်းပင် ဆိုတတ်စ ပြုလာသည်။ ဘုန်းတော်ကြီးကျောင်းရှိ ဘုန်းကြီးကျောင်းသား နှစ်ယောက်၏ ကျေးဇူးများပင်။ ၎င်းကျောင်းသား နှစ်ယောက်နှင့် ကျနော်တို့ ညီအစ်ကို နှစ်ယောက်မှာ ဆက်ဆံရေး အဆင်ပြေလှ သော်လည်း အဆင်မပြေသူမှာ ကပ္ပိယကြီးပင်။

ပုကွကွ ဂင်တိုတိုနှင့် ကျောက်ပေါက်များဖြင့် ပြည့်နှက်နေသည့် မျက်နှာပိုင်ရှင် ဖြစ်သည့်အပြင် ဘိုးရင်း ဂျက်လေယာဉ်ကြီးများပင် ဆင်းနိုင်သော မဟာနှဖူးပိုင်ရှင်ပင်။ အသားအရေမှာတော့ ပြောစရာမရှိအောင်ပင် မည်းကြုတ်နေလေသည်။ အဝတ် အစားမှာလည်း ရှိလှ အလွန်ဆုံး သုံးစုံပင် ရှိမည်မထင်။ ရှိသည့် အဝတ်အစားမှာလည်း တစ်နှစ်နေမှပင် တစ်ခေါက် လျှော်ရဲ့လားမသိ။ အဝတ်လျှော်သည်ဟူ၍ တစ်ခါမျှမတွေ့ဖူးပေ။ ရုပ်က ဆိုးလှသည့်အပြင် အသံကလည်း ပုံမလာ ပန်းမလာ အက်ကွဲခြောက်ကပ်နေသည်။ ဘုကန့်လန့် လုပ်တတ်သည့် နေရာတွင်လည်း ကျနော့်ထက်ပင် ဆိုးသေးသည်။ ဘယ်ဘဝက ရေစက်ကြောင့်များ လာတွေ့နေကြပါလိမ့် ... ဒွတ်ခ။

ကံဆိုးချင်တော့ တစ်နေ့တွင် ...

ကျနော်တို့ ညီအစ်အကိုနှင့် ဘုန်းကြီးကျောင်းသား နှစ်ယောက်တို့ ပေါက်သင်ညို၊ တောက်တဲ့၊ ကင်းလိပ်ချောနှင့် မြွေများကို လိုက်လံဖမ်းဆီးကာ ကင်၍ ဟင်းချိုလုပ်စား ကြသည်မှာ ရိုးအီနေပြီဖြစ်၍ ဤတစ်ပတ်တွင် ကျောင်းထိုင်ဆရာတော် ကျိန်းစက်သည့် အခန်းထဲတွင် ကြီးမားလှသော ယဉ်ပျားအုံကြီးအား တုတ်နှင့်ထိုး၍ ခွာစားကြရန် တိုင်ပင်ထားကြလေသည်။

ကျနော်နှင့်ညီမှာ ပုဆိုးကိုခေါင်းတွင်စွပ်၍ မျက်လုံးနှစ်လုံးသာ ဖော်ထားသော (နင်ဂျာ) စတိုင်လ် ဖန်တီးရလေသည်။ ယဉ်ပျားများ ဆိုသော်လည်း ပိုမိုစိတ်ချရအောင် ကာကွယ်ထားခြင်းပင်။

“ဟေ့ ... မင်းတို့နှစ်ယောက်က အခန်းအပြင် တံခါးမကြီးနားမှာ ကင်းသွားစောင့်နေ ... ငါတို့က အထဲဝင်ပြီး ပျားအုံသွားခွာမယ် ... ကပ္ပိယကြီးကို သတိထားကြနော်”

“အေး ... အေး ... ငါတို့ အပြင်ဖက်မှာ သွားစောင့်နေလိုက်မယ် ... တစ်ခုခု ထူးခြားရင် အချက်ပေးလိုက်မယ်”

သို့နှင့် ကျနော်နှင့် ညီမှာ ပျားအုံအား အမဲဖျက်ရန် လုပ်ငန်းစတင်တော့သည်။ ပျားအုံကြီးမှာ အခန်းနံရံတွင်သာ တည်ဆောက် ထားလေရာ ခွာချရာတွင် အခက်မရှိလှ။ ပျားများမှာ ပန်းရံအတတ်ပညာ အထူးကျွမ်းကျင် လှသည်လား မပြောတတ် ပျားသလက်များအား အထပ်လိုက် အထပ်လိုက် တည်ဆောက် ထားသည်မှာ အလွန်ကြည့်၍ ကောင်းသည်။ ပျားများမှာ လူယဉ်နေ၍ ပြဿနာ တစ်စုံတရာမရှိ။ ပျားအုံမှာ ကြီးမားလှသည်ဖြစ်ရာ ပထမတစ်ထပ်နှင့် ဒုတိယတစ်ထပ် နှစ်ထပ်လောက် ခွာချလိုက်သည်။ ခွာချ၍ ပလပ်စတစ် အိတ်ထဲထည့်ကာ ဝမ်းသာအားရ ကမန်းကတန်း ထွက်ခဲ့လေသည်။

“ဟေး ... ရပြီကွ ... ရပြီ ... ”

* * * * * * * * * *

ကျနော့်မှာ အစီအစဉ် အောင်မြင်သည်ဖြစ်၍ ဝမ်းသာလုံးဆို့ကာ ထိုကဲ့သို့ အော်မိလိုက် သော်လည်း အနှီ သကောင့်သား နှစ်ကောင်မှာ ကျနော်နှင့် ကျနော့်ညီအား မျက်လုံးကြီးများပြူးကာ ပြန်ကြည့်နေလေသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ တစ်စုံတခု ထူးခြားနေသလိုပင်။ မျက်လုံးပြူး ပါးစပ်ကြီးဟ၍ ငူငူကြီး မတ်တပ် ရပ်နေလေသည်။

ကျနော့်မှာ တစ်ခုခု မှားယွင်းနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၍ ကျောနောက်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သော အခါတွင်မူ ...

လှည့်ကြည့်လိုက်ချင်းပင် လူအရိပ်တစ်ရိပ်သည် အလွန်လျှင်မြန်သည့် အဟုန်ဖြင့် ကျနော့်အနား ရောက်လာသည်။ အံ့ဖွယ်ရာ ကိုယ်ဖော့ပညာ တတ်မြောက် ထားသည်လား မပြောတတ် ... ထိုလူရိပ်သည် ကျနော့် အနားရောက်သည်နှင့် ၎င်း၏လက်ဝါးဖြင့် ကျနော့်၏ ငယ်ထိပ်အား ရိုက်ချလေသည်။ သို့သော် ခါးကိုနွဲ့၍ နောက်ပြန်လှန်ကာ တစ်ပတ်ကျွမ်း ပစ်ချလိုက်၍သာ သီသီလေး လွတ်သွားရသည်။ ကျနော့်မှာ အမေ့ ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံများနှိုက်ကာ ရှောင်လင်ကားများ ကြည့်ထား၍သာ တော်တော့သည်။

၎င်းလူရိပ်လည်း ဆက်၍လိုက်လာကာ ကျနော့်လည်ဂုတ်အား ညစ်ချလိုက်လေသည်။ ကျနော့်မှာ မည်သို့မျှ ရှောင်ချိန်မရတော့။ လူရိပ်၏ ကိုယ့်ဖော့ပညာမှာ ကောင်းလွန်းလှသည်သာမဟုတ် ... အတွင်းအားလည်း ကောင်းပုံရသည်။ ထိုလူရိပ် ညှစ်လိုက်သော အားကြောင့် ကျနော့်မှာ “အား” ဟု အသံထွက်ရမည့် အစား “အု” ခနဲသာ အသံထွက်နိုင်တော့သည့် အပြင် နားမှာအူပြီး ဘာမှမကြားရ ဖြစ်သွားသည်။

“ကဲ ... ငအောင် ... မင်းဘယ်ပြေးမလဲ ... မင်းဘာတတ်နိုင်သေးလဲ”

ထိုလူအသံကို ကျနော်ကြားဖူးသလိုပင် ... အသံမှာ ကျက်သရေကင်းမဲ့စွာ ခမ်းခြောက် အက်ကွဲနေသည်။ နောက်မှ အမှတ်ရသွားမိသည်။ “ဟိုက် ... ကပ္ပယကြီးပါလား ... ကွိုင်ပဲ”

“မင်းတို့ကို ဘယ်နှစ်ခါပြောရမလဲ ... သူများ အသက်ကို မသတ်ပါနဲ့လို့”

ကျနော်တို့ကို အော်ထည့် လိုက်သည်မှာ နားများ ကွဲမတတ်ပင်။ ကျောင်းသား နှစ်ကောင်တော့ ကြောက်ဒူးများပင် တုန်နေသည်။ သူတို့သည်လည်း ကပ္ပိယ၏ လက်သံကို မြည်းထားဖူးသည်ကိုး။ ကျနော့်ညီ “ငသဲ” ကတော့ မျက်နှာငယ်လေးဖြင့်။

“အဟဲ ... ဘာမွမလုပ္ပါဘူး ကပၸိယႀကီး ... အဟီး”

“မင့်သောက်ခွက်က ဒီအချိန်တောင် စပ်ဖြဲဖြဲနိုင်သေးတယ် ... သက်သေက မင့်လက်ထဲမှာ ... ထပ်လိမ်ချင်သေးလို့လား ... ပြောစမ်း”

“ကပ္ပိယကြီးရယ် ... ကျနော်တို့ ပျားအုံကို မစားဖူး မ၀ါးဖူးတာနဲ့ နည်းနည်းလောက် မြည်းစမ်းချင်လို့ပါ ... ကပ္ပိယလည်း မြည်းစမ်း ... ”

စကားပင်မဆုံးလိုက် ...

“ဖြန်း ...”
ပြင်းလိုက်သည့် နားရင်းအုပ်ချက် ...

ခေါင်းထဲတွင် ကြယ်နှင့်လသာ မကတော့၊ ပျားကောင်ကလေးများပင် မြင်သွားပြီး စင်္ကြ၀ဠာကြီးကို စက္ကန့်ပိုင်းခန့် ခရီးထွက်သွားမိသည်။

“ကဲ ... မင်းတို့ ညီအစ်ကိုနဲ့ ဟိုက ကြံရာပါနှစ်ကောင် ... အားလုံး သိတယ်မဟုတ် ... မပြစ်ရှိတယ်ဆိုတာ ...”

ကျနော့်ညီနှင့် ဟိုနှစ်ကောင်က ... “ရှိပါတယ်ခင်ဗျ ...”

ကပ္ပိယကြီးက ကျနော့်ဖက်လှည့်၍ “မင်းက ဘာအကြောင်းကြောင့် ၀န်မခံတာလဲကွ ... ဟင်း”

“အစ် ... အစ် ... ကပ္ပိ ... ကပ္ပိယကြီးက ... အစ် ... ကျနော့်လည်ပင်းကို ညှစ် ... ညှစ်ထားတော့ ဘယ်ဂလို ပြန်ဖြေရမှာလဲဗျ... ”ဟု ပြောလိုက်မှ ကျနော့်ကိုညှစ်ထားသော သူ့လက်ကြီးကို ရုတ်လိုက်သည်။ သူက ဆက်ပြီး ...

“မင်းတို့ကောင်တွေမို့လို့ လုပ်ရက်တယ် ... အခု ... ဘုန်းကြီးကျောင်းဝင်းထဲမှာ ဘာအကောင်မှ မနေရဲတော့ဘူး ... တွေ့တောင် မတွေ့တော့ဘူး ... ငါ့အခန်းထဲက တောက်တဲ့ တစ်ကောင်လည်း မတွေ့တော့ဘူး ... အတော်ဆိုးတဲ့ အကောင်တွေ ... အတော် အစားပက်စက်တဲ့ အကောင်တွေ ... ကဲ ... တိုင်သွားဖက်ချေ”

အားလုံး၏ စိတ်ထဲ၌ “ဟိုက် ... အဟုတ်ဆော်တော့မှာပါလား ...” ဟု တပြိုင်နက်ထဲ ရေရွတ်ကောင်း ရေရွတ်မိနိုင်သည်။ ကျောင်းသားနှစ်ယောက်နှင့် ကျနော့်ညီမှာတော့ ငိုမဲ့မဲ့မျက်နှာပေး ကလေးများဖြင့်၊ ကျနော့်မှာလည်း မျက်နှာကို တင်းထားသော်လည်း ဒူးနှစ်ချောင်းမှာ မသိမသာ တုန်နေလေသည်။

သို့နှင့် ကပ္ပိယကြီး လက်စွဲတော် ထားဝယ်ကြိမ်ကြီး၏ ကြမ်းတမ်းလွန်းသည့် အနမ်းကို ၁၀ ကြိမ်တိတိ ငြင်းမရဘဲ ခံယူလိုက်ကြရလေသည်။ သုံးရက်ခန့်မျှ ခံစားလိုက်ပြီး ဆွမ်း (အဲလေ) ထမင်းပင် ကောင်းကောင်းမ၀ါးနိုင်။ ကျနော်တို့ မျောက်လေးကောင်သည်လည်း ငြိမ်ချက်သား ကောင်းနေလိုက်ကြသည်။ သို့သော် ၎င်းတို့ကလေးများ၏ စိတ်တွင်း၌ မည်သို့ရှိသည် မပြောတတ်၊ ကျနော့်စိတ်ထဲ၌မူကား ... “ကပ္ပိယကြီးရယ် ... တစ်ကွေ့တော့ တွေ့ကြသေးတာပေါ့ ...”

အခွင့်အခါကြုံတော့ ကျနော် ဆွမ်းထမင်းချက်ရမည့် အလှည့်ရောက်လာလေသည်။ ကျနော့်အကြံအား မည်သူ့ကိုမျှ ပေးမသိ။ သတင်းပေါက်ကြားသွားလျှင် ပြဿနာတက်နိုင်သည်။ အလွဲလွဲ အချော်ချော် ဖြစ်နိုင်သည်။ သို့နှင့် ချက်စရာ ပြုပ်စရာရှိတာကို အရင်လုပ်လိုက်သည်။ ကြံစရာရှိတာ ကြိုတင် အကွက်ချစရာများကိုလည်း စီစဉ်ထားလိုက်သည်။

* * * * * * * * * *

ဆရာတော်ကြီး၊ ဦးပဉ္ဇင်းနှင့် ကိုရင်တို့အတွက် ဆွမ်းကပ်ပြီးသောအခါ ကပ္ပိယကြီးအတွက် ထမင်းဝိုင်းပြင်ရပြန်သည်။ ကပ္ပိယကြီး ကောင်းကောင်း ၀ါးပြီးမှသာ ကျနော်တို့ မျောက်ကလေးများ အရိုးကိုက်ရခြင်း အလှည့်ကျခြင်း ဖြစ်သည်။ ညီဖြစ်သူနှင့် ဟိုနှစ်ကောင်တော့ ဗိုက်ဆာနေ၍ မျက်နှာငယ်လေးဖြင့် စောင့်နေကြသော်လည်း ကျနော့်မှာ အကြံအစည်နှင့်ဖြစ်၍ တစ်ယောက်တည်း ကျိတ်ပြီး ရယ်နေမိသည်။

စားပွဲပေါ်တွင် ထမင်းတစ်ပန်းကန်၊ ထမင်းအုပ်တစ်အုပ်၊ ဗူးသီးဟင်းချို ခွက်ကြီးတစ်ခွက်၊ အသားဟင်း တစ်ခွက်၊ အသား စွပ်ပြုတ်တစ်ခွက်၊ ငါးပိချက်တစ်ခွက်၊ ငါးပိရည်ကျို တစ်ခွက်နှင့် တို့စရာများ အမယ်စုံလင်လှသည်။ (ရေးရင်းနှင့် ဗိုက်မှာ တဂွီဂွီအော်လာသည်)။

ကပ္ပိယကြီးမှာ ထမင်းကို အားရပါးရစားလိုက် ကျနော်တို့အား သူ့လက်သံပြောင်ချက်ကို ဘယ့်နှယ်ရှိစဆိုသည့် အကြည့်ဖြင့်ကြည့်လိုက်နှင့် အလုပ်ရှုပ်နေရာမှာ ...

“ဒီနေ့ ထမင်းဟင်းတွေ ပိုစားကောင်းသလိုပဲကွ ... ဟေ့ကောင် ငအောင် ... မင်းချက်တာလား ...”

ဒီနေ့ ကျနော့်အလှည့်ကျမှန်း သိရက်သားနှင့် တမင်တကာ ဂျပန်မူလီလုပ်ပြန်လေပြီ။ ခဏနေရင်တော့ တရုတ်မူလီ ဖြစ်တော့မှာ ကပ္ပိယကြီးရေ ...

အသားဟင်းခွက်များကို လက်ညိုးထိုးရင်း ... “ဒါတွေက ဘာအသားတွေလဲကွ ... မြန်မြန်ပြောစမ်း ...”

ကျနော်လည်း အခွင့်ကောင်းကြုံပြီဖြစ်၍ ... “ဟုတ်ကဲ့ ... ဟောဒီက အစပ်ချက်ထားတဲ့ ဟင်းက ကပ္ပိယအခန်းထဲက တောက်တဲ့၊ ဟိုဟင်းခွက်က ကင်းလိပ်ချော၊ ငါးပိချက်နဲ့ ငါးပိရည်ချိုထဲမှာတော့ ပုတ်သင်ညိုတွေ အခြောက်လှန်းပြီး ငါးပိလုပ်ထားတာ၊ စားကောင်းတယ် မဟုတ်လား ...”ဟု ခပ်မြန်မြန် သံတော်ဦး တင်လိုက်သည်။

ဘယ်လိုမှ မထင်မှတ်ထားသည်ဖြစ်၍ ကပ္ပိယကြီး ပါးစပ်အဟောင်းသားဖြစ်ကာ ထမင်းများပင် ထွက်ကျကုန်သည်။

ပြီးတော့မှ သတိပြန်ဝင်လာကာ သူ့ထမင်းပန်းကန်ထဲသို့ ဝေါ့ခနဲ့ ဝေါ့ခနဲ့ ပြန်အန်ချလေတော့သည်။ ထို့နောက် သူမသောက်ရသေးသော ဗူးသီးဟင်းချိုခွက်ကြီးအား ဇွန်းဖြင့် မခပ်တော့ဘဲ လက်နှစ်ဖက်ဖြင့်မကာ မော့ချလေတော့သည်။

တဒင်္ဂကြာသော် ကပ္ပိယကြီးမှာ “အား ... အား ...”ဟု အော်ပါလေတော့သည်။

အော်ပေမပေါ့။ ဗူးသီးဟင်းချို ချက်ပြီးသောအခါ ဗူးသီးဟင်းထဲတွင် ငရုပ်ကောင်းများများနှင့် စပ်ပေ့ဆိုသော ငရုပ်သီးမိုးမျှော် တစ်ဆယ်သားလုံး ထောင်းထားကာ ဟင်းချိုလိုဖြစ်အောင် ဖန်တီးထားသည့် “ဗူးသီးဟင်းအော်” ပေပဲ။ စပ်မပေမပေါ့ ကပ္ပိယကြီးရယ် ... ကျွတ် ကျွတ် ကျွတ် ...။

ကပ္ပိယကြီးမှာ စပ်လွန်း၍ မျက်နှာကြီးနီကာ ကျနော့်အား မမဲအားဘဲ ရေအိုးစင်ရှိရာသို့ ပြေးလေတော့သည်။ ရေအိုးစင်ရှိ ရေအိုးများမှာ တစ်စက်မျှမရှိ။ ဘယ်ရှိမလဲ ... စောစောကပဲ အိုးဆေးပစ်ပြီး မှောက်ထားလိုက်တာလေ ... ငိငိ။

“အား ...”

ကပ္ပိယကြီးမှာ တအားအားနှင့်အား၍ ၇ တောင်မျှအမြင့်ရှိသော ဘုန်းကြီးကျောင်း စားဖိုဆောင်ပေါ်မှ လှေကားမသုံးဘဲ ခုန်ဆင်းကာ ကျောင်းဝင်းအပြင်ဘက်နားရှိ စမ်းချောင်းဆီသို့ ခြေကုန်ပြေးလေတော့သည်။

ကျနော်လည်း မျောက်သုံးကောင်ကို နှုတ်ဆက်ကာ အမေ့အိမ်သို့ ခြေကုန်သုတ်တော့သည်။

မျောက်သုံးကောင်မှာ ကျနော်နှင့် ကပ္ပိယကြီးတို့ကိုတစ်လှည့် ထမင်းဝိုင်းကိုတစ်လှည့်ကြည့်ကာ ကျန်ရစ်ခဲ့လေသည်။   ။ 


အဉ္ဖလီ

No comments:

Post a Comment