Monday, December 15, 2014

လူငယ်များအတွက် ပီ(P) လေးလုံး


ကျွန်တော့်ဆောင်းပါး ခေါင်းစဉ်က ရှေ့တွင် ပီသုံးလုံး ဟူသော နာမဝိသေသနနှင့် အမည်ခံ၍ စာရေးနေသော စာရေးဆရာ နှင့် မသက်ဆိုင်ပါ။ ကျွန်တော်ပြော မည့် ပီလေးလုံးမှာ ပီနှင့်စသော အင်္ဂလိပ်ဝေါဟာရ လေးလုံးကို ဆို လိုခြင်း ဖြစ်ပါသည်။

ထိုဝေါဟာရလေးလုံးတို့မှာ Prepared, Positive, Presistent နှင့် Professional တို့ ဖြစ်ပါသည်။

Prepared ဆိုသည်မှာ အပြည့်အစုံ ပြောရသော် Be prepared ဖြစ်ပါ၏။ မြန်မာလို အသင့် ဖြစ်ပါစေဟု အဓိပ္ပာယ်ရပါသည်။

မြန်မာစကားတွင် အနည်းငယ်ရိုင်းသလိုရှိသော စကားပုံတစ်ခု ရှိသည်။ 'ချေးယိုခါနီးမှ ချေးခံတွင်းပေါက်လိုက်ရှာ' ဟူသော စကား ပုံ ဖြစ်ပါ၏။ ထိုစကားပုံမှာ Be preparedနှင့် ဆန့်ကျင်သောစကားပုံ ဖြစ်သည်။ အချို့သူများသည် ကြိုကြိုတင်တင် အသင့်ဖြစ်အောင် ပြုမထားကြ။ တစ်ခုခုကို လိုချင်သော အခါမှသာလျှင် ပျာယီးပျာယာနှင့် ရရာရကြောင်း အားထုတ်ချင်တတ် သည်။ ထိုသို့သူများသည် မိမိတို့ အလိုရှိသော အရာကို ရခဲတတ် ၏။

'လိုရစေ ကြိုးနှယ်ခွေ' ဟူသော မြန်မာစကားပုံလည်း ရှိသည်။ ယခု လိုချင်မှလိုဦးမည် ဖြစ်သော်လည်း နောင်အခါ လိုလာသည့်အခါ အသင့်သုံးစွဲနိုင်အောင် ကြိုတင်ရှာဖွေ စီမံထားသည့်သဘောကို ဖော်ပြသည့်စကားပုံပင်။ အသင့်ဖြစ်ခြင်းသည် ထိုစကားပုံ ကပေးသော အဓိပ္ပာယ် နှင့် ခပ်ဆင်ဆင်ပင် ဖြစ်သည်။ လို အပ်သည့်အခါ အသုံးချနိုင်အောင် ဆည်းပူးထားထိုက်ပေသည်။

အချို့လူငယ်များသည် အလုပ်လိုချင်၍သာ အလုပ်လျှောက်လိုက်သည်။ ကိုယ်အလုပ် လျှောက်ထားသည့် ကုမ္ပဏီအကြောင်း သိချင်မှ သိသည်။ ထိုသို့ မဖြစ်ထိုက်ပေ။

အလုပ်ထဲသို့ ရောက်လျှင်လည်း မိမိအထက်က ပုဂ္ဂိုလ်က တစ်စုံတစ်ရာသော ကိုယ်နှင့် စပ်ဆိုင်ရာအလုပ်တစ်ခုကို ဆောင် ရွက်ခိုင်း လိုက်လျှင် သူလိုချင်ရာကို ဆောင်ရွက်ပေးနိုင်အောင် ကိုယ့် ဘက်က အသင့်ဖြစ်နေသင့်သည်။

ဘယ်နေရာတွင်မဆို အသင့်ဖြစ်နေသော သူတစ်ဦးအား ကိုယ့်အထက်က တာဝန်ရှိပုဂ္ဂိုလ်ကရော ကိုယ့်ပတ်ဝန်းကျင်က ပုဂ္ဂိုလ်များ က အားကိုးတတ်ကြသည်။ အများက အားကိုးနိုင်လောက်သော အရည်အချင်းမျိုးရှိနေသူသည် ဘယ်နေရာတွင်မှ မတိမ်ကောနိုင်ပေ။ သို့ဖြစ်၍ ထို 'ပီ' တစ်လုံးကို ပိုင်ဆိုင်ထားထိုက်သည်။

အောင်မြင်လိုသူတို့တွင် ရှိအပ်သော ဒုတိယ 'ပီ' တစ်လုံး ကား Positive ဖြစ်သည်။

Positive ၏ အဓိပ္ပာယ်ကို အောက်စဖို့အက်ဒ်ဗန့်စ်လန်း နားစ် အဘိဓာန်တွင် Thinking about what is good in a situation; feeling confident and sure that sth good will happen ဟု ပြပါသည်။ အခြေအနေ တစ်ရပ်ရပ်ကို အကောင်းဘက်က ကြည့်၍ စဉ်းစားခြင်း၊ ကောင်းတာဖြစ်လာလိမ့်မည်ဟု ယုံ ကြည်စိတ်ချနေခြင်းကိုပင်လျှင် Positive ဟု ပြောလိုခြင်း ဖြစ်ပါ သည်။

ကျွန်တော်တို့သည် Positive Attitude ဟူသော အပြု သဘောစိတ်ဓာတ် ဝါ အကောင်းဘက်က ကြည့်တတ်သော စိတ် ဓာတ်မျိုး ထားကြရပါသည်။ ဤ အချက်သည်လည်း လွန်စွာ အရေး ကြီးသည်။

အပြုသဘောအမြင်နှင့် အပျက်သဘောအမြင်တို့ကို ရေတစ်ဝက်ရှိနေသော ဖန်ခွက်ကို လူနှစ်ဦး ရှုမြင်ပုံနှင့် ဥပမာဆောင် ပြောလေ့ရှိ သည်။

အပျက်သဘော အမြင် ရှိသူက ဖန်ခွက်ထဲက ရေက ဖန် ခွက်အပြည့်လည်း မဟုတ်ဘူးဟု မြင်သည်။

အပြုသဘောအမြင်ရှိသူ က ဖန်ခွက်ထဲမှာ ရေတစ်ဝက် တောင် ရှိနေတာပဲဟု မြင်သည်။

Positive Attitude ရှိသူက ဖန်ခွက်မှာ ရေအပြည့်ရှိခြင်း အတွက်ကား အထူးပြောစရာမရှိ။ သို့ရာတွင် ရေတစ်ဝက်ရှိနေခြင်း သည် လည်း လုံးဝမရှိခြင်းနှင့် နှိုင်းစာလျှင်ကား လက်ခံနိုင်ဖွယ် အခြေအနေသာ ဖြစ်သည်ဟူ၍ ရှု မြင်တတ်ပေသည်။

အရာရာကို မကောင်းသည့်ဘက်မှ ရှုကြည့်တတ်ခြင်း သည် သူ့အတွက်သော် လည်းကောင်း၊ ကိုယ့်အတွက်သော် လည်းကောင်း အကျိုးမဖြစ်တတ်ပါ။ ဘယ်အရာမှ ခြောက်ပြစ်ကင်း သဲလဲစင်ဟူသော Perfectness မျိုး မရှိနိုင်ရာ နွားပိန်အသားထိုးကြည့် ဟူသော စကားပုံကဲ့သို့ပင် ကောင်းတာနှင့် ဖြည့်၍ ကြည့်နိုင် ကြရပေသည်။

ထို့အတူ ကိုယ်လုပ်မည့် အလုပ်၏ ရလဒ်နှင့် ပတ်သက်၍လည်း အကောင်းဘက်က ကြည့်တတ်ဖို့ လိုသည်။ အမြန်လမ်းမကြီးက ကားတိုက်၊ ကားမှောက်မိ တာတွေ များသည်။ ငါတော့ မသွားရဲဟု တွေးနေလျှင် ဘယ်ခရီး မှ မရောက်ဖို့သာ များသည်။ ကား နှင့် မသွားရဲ၍ ရထားနှင့်သွားလျှင်လည်း ရထားဘီးချော်တာ၊ တံတားပေါ်မှထိုးကျတာတွေ ဖြစ်နိုင်သည်သာ။ ထို့ကြောင့် မကောင်းဘေး ရလဒ်ဘက်ကချည်း ကြည့် နေ၍ မဖြစ်ပါ။

လွန်ခဲ့သောနှစ်တွင် ယခင် ကျွန်တော်လုပ်လာသည့် ကုမ္ပဏီက လူလျှော့၊ အလုပ်ချိန် လျှော့၊ လစာလျှော့တာမျိုးတွေ လုပ်လိုက်သဖြင့် မူလရသော ဝင် ငွေ၏ ၄ဝ ရာခိုင်နှုန်း လျော့သွားသဖြင့် 'ပြား ၆ဝ ဦးတင်ဦး' ဖြစ် သွားသည်။ (ယခင်က တစ်ကျပ်ရလျှင် ယခု ပြား ၆ဝ ပဲ ရတော့၍ ဖြစ်ပါ၏။) သို့ရာတွင် ကျွန်တော်သည် ထိုကုမ္ပဏီမပေါ်ခင် အနှစ် ၆ဝ ကျော်ကတည်းက လူဖြစ်နေခဲ့သူဖြစ်၍ ကျွန်တော့် ဘဝကို ထိုကုမ္ပ ဏီက မပြဋ္ဌာန်းနိုင်ဟု အမှန်အတိုင်း သိမြင်ကာ စိတ်အားမငယ် စိတ်ဓာတ်မကျဘဲ Positive Mind သာ ထား၍နေ သည်။ နောက်လဆန်းသော် လက်ရှိကုမ္ပဏီက အလုပ်ခေါ်ပေး၍ ကျွန်တော်ယခင်ကုမ္ပဏီထက်တောင် လစာဝင်ငွေ ပိုရနေသေးပေ သည်။

Positive ဖြစ်ဖို့ဆိုသည်မှာ သူတစ်ပါးကို ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင် အခြေအနေကို ဖြစ်စေ အခြေအနေတစ်ရပ်ရပ်၏ အကျိုးရလဒ် ကို ဖြစ်စေ အပြုသ ဘော စိတ်နှင့် အကောင်းဘက်က ရှုမြင်တတ်ခြင်းပင် ဖြစ်ပါ၏။

အရေးကြီးသော တတိယနှင့် အခြားပီတစ်လုံးမှာ Persistent ဖြစ်ပါ၏။ Persistent ဖြစ်သည်ဆိုသည်မှာ ငုပ်မိသဲတိုင် တက်နိုင် ဖျားရောက် ဟူဘိသကဲ့ သို့ မိမိလုပ်ကိုင်သော အလုပ်တွင် မအောင်မြင်မချင်း ဇွဲနပဲနှင့် လုပ် ကိုင်နိုင်ခြင်း ဖြစ်ပါသည်။

အချို့သူများသည် အလုပ်တွင် အခက်အခဲကလေးတွေ့လိုက်ပါက တွန့်ဆုတ်သွားတတ်သည်။ အခက်အခဲကို မကျော်လွှားချင် ဘဲ နောက်ဆုတ် သွားတတ်ကြသည်။ နောက်ဆုတ် သွားတတ်သူများသည် ရှေ့သို့ တိုးတက်ရန် အကြောင်းမမြင်တော့ပေ။ ထို့ကြောင့် တိုးတက်မှုကို ရှာ ဖွေသူသည် မဆုတ်နစ်သောလုံ့လ ဖြင့် ရှေ့သို့ တိုးနိုင်ရန် အားသွင်း ကြရသည်။

တောင်သူလယ်သမားများသုံးလေ့ရှိသော ဆိုရိုးစကားတစ်ခုရှိသည်။ အတက်ကလေးမတွေ့လိုက်နှင့် 'အမြီးမြှောက်လိုက်၊ အီးပေါက် လိုက်' ဟူသော စကားဖြစ်၏။ ကြားရတာ ရိုင်းသလိုနှယ် စကားမျိုးပင် ဖြစ်သော်လည်း အားမကိုးလောက်သော ကျွဲ နွားများကို သရုပ်ဖော်ပြရာတွင် တော့ အတော်ပင် ပီပြင်သော စကား ဖြစ်ပါ၏။

လူတို့တွင်လည်း Persistent မဖြစ်သော သူတို့သည် ဇွဲ၊ ဝီရိယဖြင့် အားထုတ်ချင်စိတ်နည်းကြပြီး အတက်ရောက်လျှင် အမြီး မြှောက်သလို၊ အီးပေါက်သလို လုပ် ချင်တတ်ကြလေသည်။ (ဝါ) အခက်အခဲကို ဇွဲနှင့် တွန်းလှန်စိတ် လို နေကြလေသည်။ ထိုသို့သော သူများ အထက်သို့ မရောက်နိုင် ကြပါပေ။

စတုတ္ထနှင့် နောက်ဆုံး 'ပီ' ကား Professional ဖြစ်ဖို့ ဖြစ်ပါသည်။ Professional ဖြစ်သည် ဆိုသည်မှာ မိမိလုပ်ကိုင်သော အလုပ်ကို အသက်မွေးမှု အတတ် ပညာဟု သဘောထား၍ ထိုလုပ် ငန်းတွင် ကျွမ်းကျင်နိုင်နင်းသူ ဖြစ် အောင် လုပ်ခြင်းမျိုးကို ဆိုလို သည်။

ဥပမာအားဖြင့် ဘာသာရပ်တစ်ခုခုကို ကျူရှင်ပေးသော ဆရာသည် သူသင်သည့် ဘာသာရပ်ကို ကျွမ်းကျင်နိုင်နင်းအောင် ကြိုးစားရ သည်။ သူ့တပည့်တွေ ဂုဏ်ထူးရအောင် သင်ပေးနိုင်ရသည်။ ထိုသို့ ကျွမ်းကျင်မှုရအောင် ကိုယ့်ဘက်က ဆည်းပူးဖြည့်ဆည်း ထားသလို ကိုယ့်ပညာကိုလည်း အလကားပဲတင်းနှင့် ရောင်းစားရန် မဟုတ်ပေ။

ဆရာဦးသိန်းဖေမြင့်သည် စာရေးသောအတတ်ဖြင့် တစ်သက်လုံး အသက်မွေးသွားသူ ဖြစ်သည်။ စာရေးခြင်းသည် သူ၏ Professional ဖြစ်သည်။ သူ့စာတွေသည် ကောင်းသလိုပင် သူသည် မည်သူ့ကိုမျှ စာမူခမရဘဲ ရေးမပေးနိုင်ဟူသော မူကို ကိုင်စွဲ သွားသူ ဖြစ်လေသည်။ ကျွန်တော်လည်း ယခု ကျွန်တော့် Professional မှာ စာရေးခြင်း ဖြစ်ပေသည်။ ဆောင်းပါးတစ်ပုဒ်က ငွေ ကျပ်တစ်သောင်းကို ကျွန်တော် စွန့်ကြဲလှူဒါန်းထိုက်သူအား စွန့်ကြဲလှူဒါန်းနိုင်သော်လည်း စာမူခမယူဘဲနှင့်ကား စာရေးမပေးနိုင် ပေ။ ဦးသိန်းဖေမြင့်လိုပင် Professional စိတ်ဓာတ်မွေးခြင်း ဖြစ်ပေ သည်။

ပရော်ဖက်ရှင်နယ် သဘောကို ဘောလုံး အားကစားတွင် ကောင်းစွာ နမူနာတွေ့နိုင်သည်။ လုပ်ခလစာ အကောင်းဆုံး ရနေသော ဘောလုံးသမားများသည် အကောင်းဆုံးခြေစွမ်းပြနိုင်သူများ ဖြစ်ကြသည်။ အင်္ဂလန်ရှိ ချဲလ်ဆီးအသင်းမှ အက်ရှ်လေ ကိုးလ်သည် ချဲလ်ဆီးတွင် လခအများဆုံးရ နောက်တန်းသမား ဖြစ်နေခဲ့သော်လည်း ယခု ချဲလ်ဆီးက သူနှင့်ဆက်၍ စာမချုပ်တော့ သဖြင့် ပြင်သစ်မှ PSG သို့ ရောက်သွားသောအခါ ယခင်က ရခဲ့သော လစာထက် ပေါင်သိန်းကျော် လျှော့ယူရသည်။

ပရော်ဖက်ရှင်နယ် ဖြစ်ရမည်ဆိုသည်မှာ ကိုယ့်လုပ်ငန်းတွင် ကျွမ်းကျင်နိုင်နင်းမှု အကောင်းဆုံး ပြသရမည်။ ကိုယ့်ပညာနှင့် ထိုက်တန်သော လစာရရမည်။ ဤနေရာက ကိုယ့်ပညာအတွက် ဤမျှသာပေးပြီး ထိုနေရာက ကိုယ့်ပညာအတွက် ထိုထက်ပို ပေး လျှင် ပိုရသောနေရာကို ပြောင်း လုပ်ရဲရမည်။ လုပ်ခလစာ ပိုရသ လို ကိုယ်ကလည်း သူ့ကို ပို၍ပြန် ပေးနိုင်အောင် ကြိုးစားရမည်။

သို့မှသာလျှင် ပရော် ဖက်ရှင်နယ်စိတ်ဓာတ် ရှိသည်ဟု ဆိုနိုင်မည် ဖြစ်သည်။

တိုးတက်လမ်းရှာသူတို့အတွက် မရှိမဖြစ် လိုအပ်မည့် ပီ လေးလုံးအကြောင်းကို တင်ပြလိုက် ပါသည်။ လူငယ်များ ပီလေးလုံးပိုင် သူများ ဖြစ်ကြပါစေသတည်း။

ဦးတင်ဦး (ကျူရှင်)

No comments:

Post a Comment