“အရှင်မဟာမောဂ္ဂလ္လာန် မထေရ်”
•••••••••••••••••••••••••••••••••••••••••••
အရှင်မဟာမောဂ္ဂလ္လာန်သည် “လက်ဝဲတော်ရံ အဂ္ဂသာဝကမထေရ်မြတ်” ဖြစ်သည်။
မထေရ်မြတ်မှာ ဘုန်းတန်ခိုးအာနုဘော် ကြီးမားလှသဖြင့်မြတ်စွာဘုရား အားထားရသော ခေါင်းဆောင်မထေရ်ကြီး
တစ်ပါး ဖြစ်သည်။ နန္ဒောပနန္ဒာနဂါးကို မာန်စွယ်ကျိုးအောင် ဆုံးမတော်မူပြီး မြတ်စွာဘုရားထံ ခေါ်ဆောင်ခဲ့ကာ သရဏဂုံတည်စေခဲ့သည်။
နတ်ပြည်သို့ကြွ၍လည်း နတ်သားနတ်သမီးတို့၏ ဘဝအကြောင်း လူ့ရွာ၊လူသား ဒကာ ဒကာမများအား အဖြစ်မှန်ကို ပြန်လည်ဟောပြ အားကျစေခဲ့သည်၊ ငရဲဘုံ ၊ ပြိတ္တာဘုံသို့ ကြွရောက်၍လည်း ဆင်းရဲဒုက္ခ ခံစားနေကြရသော ငရဲ ၊ပြိတ္တာတို့၏ ဘဝကို လူ့လောကမှ ဒကာ ဒကာမတို့အား အကုသိုလ်မူမပြုကြရန် ပြန်လည်ဟောပြတော်မူသည်။
အဂ္ဂသာဝကမထေရ်နှစ်ပါးသည်“နေနှင့်လ” ပမာ လွန်စွာ ထင်ရှားသည့် သာသနာကျက်သရေဆောင်ကြီးများ ဖြစ်ကြသည်။
အရှင်မဟာမောဂ္ဂလ္လာန်အလောင်းလျာသည် လွန်ခဲ့သော တစ်အသေင်္ချေနှင့်ကမ္ဘာတစ်သိန်းကာလက “သီရိဝဍ္ဎ” ဟူသော အမည်ဖြင့် ဥစ္စာကြွယ်ဝသည့် သူကြွယ်မျိုး၌ ဖြစ်ခဲ့သည်။
အရှင်သာရိပုတ္တရာအလောင်း သရဒလုလင်နှင့် အတူတကွ ကစားဖော်ငယ်သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်၊
“အနောမဒဿီ မြတ်စွာဘုရား” ထံတော်တွင် “သရဒရသေ့” သည် လက်ယာတော်ရံ အဂ္ဂသာဝကဆုပန်ဆင်ပြီးသော အခါ သရဒရသေ့၏ တိုက်တွန်းချက်အရ ဘုရားအမှူးရှိသော သံဃာတော်တစ်သိန်းတို့အား ၇-ရက်လုံးလုံး ဆွမ်းသင်္ကန်းများလှူဒါန်းကာ “လက်ဝဲတော်ရံ အဂ္ဂသာဝကဆု”ကို ပန်ဆင်ခဲ့လေသည်။
“အနောမဒဿီ မြတ်စွာဘုရား”က “နောင်အခါ ပွင့်လတ္တံ့သော ဂေါတမမည်သော ဘုရားရှင်လက်ထက်တော်၌ “မောဂ္ဂလ္လာန်”ဟူသောအမည်ဖြင့် အဂ္ဂသာဝကမထေရ်မြတ် ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ပေးတော်မူခဲ့ လေသည်။
အဂ္ဂသာဝက လောင်းလျာ နှစ်ဦးတို့သည် သံသရာဝယ် ပါရမီဖြည့်စဉ်ကလည်း များသောအားဖြင့် အတူတကွ
ဖြည့်ခဲ့ကြပြီး နောက်ဆုံးဘ၀၌လည်း အတူတကွ လက်တွဲခဲ့ကြသည်။
နောက်ဆုံးဘ၀၌ ရာဇဂြိုဟ်မြို့တော်အနီး ကောလိတရွာတွင် မောဂ္ဂလိအမည်ရှိသော ပုဏ္ဏေးမ၏ဝမ်းဝယ် ပဋိသန္ဓေယူခဲ့သည်။
ကောလိတရွာတွင် အကြီးအကဲအမျိုး၏ သားဖြစ်သောကြောင့် “ကောလိတ” ဟု အမည်မှည့်ကြကုန်၏။ “အရှင်သာရိပုတ္တရာအလောင်း ဥပတိဿနှင့် အရှင်မဟာမောဂ္ဂလ္လာန်အလောင်း ကောလိတ” တို့သည် ဝေဒသုံးပုံ အတတ်ပညာမျိုးစုံ တို့ကို တတ်ကျွမ်းခဲ့ကြသည်။
ကောလိတလုလင်တွင် အာဇာနည်မြင်းကသော ရထားငါးရာ အဆောင်အယောင် ရှိသည်။ သူငယ်ချင်း နှစ်ယောက်တို့သည် တောင်ထိပ်ပွဲသဘင်ကို နှစ်စဉ် အတူတကွ ပျော်ရွှင်စွာကြည့်ခဲ့ကြပြီး နောက်ဆုံးနှစ်တွင် သံဝေဂတရားရရှိက သိဥ္စည်းပရိဗိုဇ် ဆရာကြီးထံ ရဟန်းပြုခဲ့ကြသည်။
နောင်အခါ အရှင်အဿဇိထံမှ နာယူခဲ့ရသော တရားဂါထာကို ဥပတိဿ ပြန်လည်ဟောပြ၍ ကောလိတလည်း သောတာပန်ဖြစ်လာသည်၊ ထို့နောက် ရာဇဂြိုဟ် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားထံ ရောက်ရှိလာကြကာ မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပို့တွဲလဆန်း ၁-ရက်နေ့၌ ဧဟိ ဘိက္ခုရဟန်းဖြစ်လာသည်၊
တပို့တွဲလဆန်း ၈-ရက်နေ့တွင် မဂဓတိုင်း ကလ္လဝါလရွာကို အမှီပြု၍ ရဟန်းတရားအားထုတ်ကာ သာဝက ပါရမီဉာဏ်၏ အထွတ်အထိပ်သို့ ရောက်တော်မူပြီး ရဟန္တာဖြစ်တော်မူသည်။ တပို့တွဲလပြည့်၌ ကျင်းပသော
ပထမသာဝကသန္နိပါတ သံဃာ့အစည်းအဝေးကြီးတွင် “အရှင်မဟာမောဂ္ဂလ္လာန်”ဟူသော အမည်ဖြင့် လက်ဝဲတော်ရံ
အဂ္ဂသာဝကအရာ ရတော်မူသည်။
နောင်အခါ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော် သံဃာ့အစည်းအဝေးပွဲကြီးတွင် “တန်ခိုးအရာ ပြိုင်ဘက်ကင်းသော ဣဒ္ဓိမန္တ ဧတဒဂ်ဘွဲ့”ချီးမြှင့်ခြင်းခံရသည်။
မြတ်စွာဘုရားသည် သံဃာတော်များနှင့်အတူ ဝေရဥ္ဇာမြို့၌ ဝါဆိုတော်မူစဉ် မာရ်နတ်၏ နှောင့်ယှက်မူကြောင့်
သံဃာတော်တို့အား ဆွမ်းလောင်းလှူရန် မေ့လျော့နေကြသဖြင့် ဆွမ်းအခက်အခဲကြုံခဲ့ဖူးသည်၊ ထိုအခါ အရှင်မဟာ မောဂ္ဂလ္လာန်မထေရ်က “လက်တစ်ဖက်ကို ကမ္ဘာမြေအသွင် ဖန်ဆင်းကာ ကမ္ဘာမြေကြီးပေါ်ရှိ သတ္တဝါ ရေ မြေ တော ၊တောင် ၊ သမုဒ္ဒရာ မြို့ရွာ နယ်ပယ်တို့ကို ပြောင်းရွှေ့ထားပြီးမှ လက်တစ်ဖက်ဖြင့် မြေကြီး၏ အတွင်းပိုင်းကို လှန်လျောကာ မြေဆီဩဇာကိုဆောင်ယူ၍ သံဃာတော်တို့အား ဆက်ကပ်ပါမည်။” ဟု လျှောက်ထားရာ မြတ်စွာဘုရား ခွင့်ပြုတော်မမူချေ။
ဘုန်းတန်းခိုးနည်းသော ရဟန်းတို့လက်ထက်တွင် ဒကာ ၊ ဒကာမတို့ အပြစ်တင်ကာ အကုသိုလ်ဖြစ်ကြမည် စိုးသောကြောင့် ဖြစ်၏။
မြတ်စွာဘုရားသည် စာတုမမြို့ သျှိသျှားတောကျောင်း၌ သီတင်းသုံးနေစဉ် အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန် တို့သည် စာတုမရွာသို့ ရဟန်းငါးရာနှင့် အတူ ဆိုက်ရောက်လာကြသည်။ အာဂန္တုရဟန်းများနှင့် အာဝါသိကရဟန်းတို့ ကျယ်လောင်ဆူညံစွာပြောဆိုနေကြသည်ကို မြတ်စွာဘုရားကြားတော်မူလျှင် “တံငါသည်တို့ ငါးလုသကဲ့သို့ ဆူညံစွာ ပြောဆိုနေကြဘိသည်” ဟု မိန့်တော်မူပြီး နှင်ထုတ်တော်မူခဲ့သည်။
စတုမမြို့သား သာကီဝင်မင်းသားများက “မြတ်စွာဘုရား - ဤရဟန်းတော်တို့သည် သာသနာတော်သို့
ဝင်ရောက်လာသည်မှာ မကြာသေးပါ၊ ရဟန်းသစ်များသာဖြစ်ကြပါသည်။
သာသနာတော်၏ အဆုံးအမကို ရရှိရန် မြတ်စွာဘုရားထံ လာရောက်ကြခြင်းဖြစ်ပါသည်။ ပေါက်သစ်စ ကောက်ပင်ငယ်သည်ရေကို မရလျှင် ပျက်စီးနိုင်သကဲ့သို့လည်းကောင်း၊နွားသားငယ်သည် ပျောက်နေသော မိခင်နွားမကြီးကို ရှာမတွေ့လျှင် အားကိုးမဲ့ကာ ပျက်စီးရာသကဲ့သို့လည်းကောင်း ၊မြတ်စွာဘုရားကို မဖူးတွေ့ကြရသည်ရှိသော် နစ်နာဆုံးရှုံး သွားနိုင်ကြပါသည်၊ သံဃာတော်များကို ပြန်လည် လက်ခံတော်မူပါ မြတ်စွာဘုရား”ဟု လျှောက်ထားကြသဖြင့်ပြန်လည် လက်ခံတော်မူသည်။
ထိုကိစ္စကို “သဟမ္ပတိဗြဟ္မာကြီး”ပင် ဝင်ရောက် တောင်းပန်ခဲ့ရလေသည်။ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန် တို့သည် ထိုရဟန်းသစ်သံဃာငါးရာကို ခေါ်ဆောင်ပြီး မြတ်စွာဘုရားထံတော်သို့ အဆုံးအမခံယူရန် ရောက်လာကြရာ မြတ်စွာဘုရားရှင်က -
“သံဃာများကို ငါဘုရားနှင်ထုတ်သောအခါ သင်သည် မည်သို့ သဘောထားသနည်း”ဟု အရှင်သာရိပုတ္တရာကို
မေးတော်မူသောအခါ မထေရ်ကြီးက “မြတ်စွာဘုရားသည် သံဃာတော်အပေါ်၌ တစုံတရာ ကြောင့်ကြ စိုက်တော် မမူတော့ဘဲ ဖလသမာပတ်ဖြင့် ချမ်းသာစွာနေတော်မူလိုသည် ဖြစ်မည်။
ငါလည်း မြတ်စွာဘုရားရှင် ကဲ့သို့ပင် ဖလသမာပတ်ဖြင့် ချမ်းသာစွာ နေတော့မည်။” ဟု အောက်မေ့ကြောင်း လျှောက်ထားသည်။
တဖန် အရှင်မောဂ္ဂလ္လာန်ကို မည်သို့သဘောထားကြောင့် မေးတော်မူရာ “မြတ်စွာဘုရားသည် သမာပတ်ချမ်းသာဖြင့်
ငြိမ်းအေးစွာစံနေတော်မူလိုဟန်ရှိသည်၊ ယခုအခါ ငါသည် အရှင်သာရိပုတ္တရာနှင့်အတူ သံဃာတော်တို့ကို
စောင့်ရှောက်ဦးဆောင်ရန် အချိန်တန်နေပြီ”ဟု သဘောထားကြောင်း လျှောက်ထားလေသည်။
မြတ်စွာဘုရားရှင်သည် အရာရာ၌ တာဝန်ကိုမရှောင်၊ဦးဆောင်သည့်စိတ်ဓာတ်များ ဖြစ်ပွားစေတော်မူလိုသဖြင့်
ဤကိစ္စ၌ အရှင်မဟာမောဂ္ဂလ္လာန် လျှောက်ထားသည်ကိုသာကောင်းချီးသာဓု ပေးတော်မူလေသည်။
တခါက “ဒေဝဒတ်”၏ သင်းခွဲ ဆွဲဆောင်မူနောက်သို့ လမ်းမှားစွာ လိုက်ပါသွားသော ရဟန်းတော်များကို
ပြန်လည်သိမ်းသွင်းရန် အဂ္ဂသာဝကနှစ်ပါး လိုက်ပါသွားခဲ့သည်။
အရှင်သာရိပုတ္တရာက ပညာဖြင့်စည်းရုံသကဲ့သို့ ၊ အရှင်မောဂ္ဂလ္လာန်က တန်ခိုးဖြင့်သိမ်းသွင်းကာ ညာလက်ရုံး အားထားရသူများ ပီပီ တာဝန်သိသိ လွဲမှားသူများကို ပြန်လည်သိမ်းသွင်းပြီး လမ်းမှန်ရောက်စေခဲ့သည်။
မြတ်စွာဘုရားထံသို့အရောက် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ကြသည်။
“အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်”၏ နတ်ပြည်ကိုယ်တွေ့ ၊ငရဲပြည်ကိုယ်တွေ့ တရားတော်များကြောင့် လူတို့သည်
အလှူဒါန ဥပုသ်သီလ သမထဝိပဿနာ ကုသိုလ်ကောင်းမှုပြုလုပ်ရန် ထက်သန်လာကြသည်။ ဗုဒ္ဓသာသနာတော်ကို
ပို၍ ကိုးကွယ်ဆည်းကပ်လာကြသည်။
သာသနာတော် စည်ပင်ပြန့်ပွား ထွန်းကားတိုးတက်လာသည်နှင့်အမျှ ဘုရားအမည်ခံထားကြသော တိတ္ထိဆရာကြီး များ အဖို့ ကိုးကွယ်သူနည်းပါး လာဘ်သပ္ပကာ ရှားလာပြီး နေမင်း၏ ရောင်ဝါအောက်ဝယ် ပိုးစုန်းကြူးပမာ
မှေးမှီန်ပျောက်ကွယ်စ ပြုလာကြသည်။
ထို့ထက် အရှင်မဟာမောဂ္ဂလ္လာန်မထေရ်သည် ဒကာ ၊ဒကာမတို့အား ငရဲပြည်အကြောင်း ဟောပြတော်မူရာ၌
မိစ္ဆာဒိဋ္ဌိအယူရှိသူများသည် မည်သို့မည်ပုံ ငရဲ၌ ဆင်းရဲကြီးစွာခံနေကြရကြောင်း ဟောကြားတော်မူ၍
အရှင်မဟာမောဂ္ဂလ္လာန် အပေါ် “တတ္ထိ” တို့သည် အညှိုးထားလာကြသည်။
သာသနာပြင်ပ ဂိုဏ်းအသီးသီးမှ တတ္ထိတို့သည် “သုန္ဒရီ ပရိဗိုဇ်မ၊ စိဥ္စမာနဝိကာ” စသော အသိဉာဏ်နည်းသည့်
မိန်းမသားများကိုပင် အသုံးပြု၍ ဘုရားရှင်၏ ဂုဏ်သရေကို ဖျက်ဆီးရုံမျှမက တန်ခိုးကြီးသည့်အရာတွင် နာမည်ကျော်လှသည့် အရှင်မောဂ္ဂလ္လာန်ကဲ့သို့သော ပုဂ္ဂိုလ်မြတ်ကြီးကိုပင်လျှင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်လာကြသည်။
ထိုအကြံအစည်ထမြောက်ရန် မထေရ်မြတ်၏ အတိတ်ကံကလည်း ဖန်လာခဲ့သည်။
အရှင်မောဂ္ဂလ္လာန်သည် သံသရာကျင်လည်စဉ် ဘဝတစ်ခုကမယားမိုက်၏ စကားကို နားထောင်ကာ ကျေးဇူးကြီးလှ
မိနှင်ဘတို့ကို သူခိုးဓားပြယောင်ဆောင်၍ ရိုက်နှက်ခဲ့ဖူးသည်။ ထိုအကုသိုလ်ကံက အကျိုးပေးရန် အခွင့်ရောက်လာ၍
တန်ခိုးအရာ ပြိုင်ဘက်ကင်းသူဖြစ်သော်လည်း ရှေးကြမ္မာဝဋ်ကား မလွတ်သာခဲ့ချေ၊ “ဝဋ်မှာအမြဲ ငရဲမှာအပ” ဟူသော
ဆိုရိုးစကားအရ ငရဲကို အရိယာမဂ်ဖြင့် ပယ်ဖျောက်နိုင်သော်လည်း အတိတ်ဘ၀ ဝဋ်ကြွေးကိုမူ ရှောင်လွဲ၍မရ၊ ပြန်လည်ပေးဆပ်ရသည်။
တိတ္ထိတို့၏ ငွေကြေးပေး ခိုင်းစေမူကြောင့် ခိုးသားငါးရာတို့သည် အရှင်မဟာမောဂ္ဂလ္လာန် ကိုယ်တော်မြတ်ကြီးကို
ရိုက်နှက်သတ်ဖြတ်ရန် ချောင်းမြောင်းနေကြသည်၊ ပထမအကြိမ် ၊ ဒုတိယအကြိမ် နှစ်ကြိမ်တိုင်တိုင် ဈာန်တန်ခိုးဖြင့်
ကောင်းကင်ပျံကာ ရှောင်တိမ်းနိုင်သော်လည်း ၊ တတိယအကြိမ်မှာမူ ဝဋ်ကြွေးကြုံလာပြီဖြစ်သဖြင့် အတောင်ကျိုးသော ငှက်ငယ်ပမာ ဈာန်အစွမ်း မပြနိုင်တော့ဘဲ ကံတရား၏ စီမံမှုကို ခံရလေတော့သည်။
အရှင်မောဂ္ဂလ္လာန်မထေရ်မြတ်ကြီး၏ ဘ၀ဖြစ်စဉ်တော်က ကံတန်ခိုး ၊ ဈာန်တန်ခိုးနှင့် ဉာဏ်တန်ခိုးတို့ကို
ချိန်ထိုးညွှန်ပြတော်မူခဲ့လေပြီ။
ခိုးသားငါးရာတို့ စိတ်တိုင်းကျ ထောင်းထုသဖြင့် ဖွဲအိပ်ပမာ ညက်ညက်ကြေနေသော ခန္ဓာကိုယ်ကို မထေရ်မြတ်သည်
သမာပတ်တန်ခိုးဖြင့် ပြန်လည်ထိန်းပြီး မြတ်စွာဘုရားထံအရောက် ကြွတော်မူခဲ့သည်။ မြတ်စွာဘုရားအား ရှိခိုးပြီး ၊ပရိနိဗ္ဗာန်ပြုခွင့်တောင်းလေရာပရိနိဗ္ဗာန်မပြုမီ ဘုရားရှင်၏ တိုက်တွန်းတော်မူချက်အရ ရဟန်းသံဃာများကို တန်ခိုးအမျိုးမျိုးပြကာ တရားဟောတော်မူရသည်။
မြတ်စွာဘုရားကို နောက်ဆုံး ရှိခိုးခြင်းဖြင့် ရှိခိုးပြီး ဇေတဝန်ကျောင်းတော်မှထွက်ကာ၊ရာဇဂြိုဟ်မြို့တော်
ဣသိဂိလိတောင်ယံ ကာဠသိလာကျောက်ဖျာထက်၌ မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၌
ပရိနိဗ္ဗာန်ပြုတော်မူသွားလေသည်။
မြတ်စွာဘုရားနှင့် သံဃာတော်တို့သည် ရာဇဂြိုဟ်သို့ကြွလေတော်မူကြပြီး အရှင်မြတ်၏ ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်တော်မူကာ ဓာတ်တော်များကို “ဝေဠုဝန်ကျောင်းတော် တံခါးမုခ်အနီး” ၌ ဓာတုစေတီ တည်ထားစေတော်မူလေသည်။
အရှင်မဟာမောဂ္ဂလ္လာန်မထေရ်မြတ်ကြီး ကျူးရင့် ဟောကြားတော်မူလေ့ရှိသော ဩဝါဒတရားတော် -
ယေ စ ပဿန္တိ သင်္ခါရေ၊ ပရတော နော စ အတ္တတော။ပစ္စဗျာဓိ ံသု နိပုဏံ၊ ဝါလဂ္ဂံ ဥသုနာ ယထာ။
ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ်ဟူသော ခန္ဓာငါးပါးတို့ကို “အနှစ်သာရရှိ၏၊ အလိုသို့လိုက်ပါ၏၊ အစိုးရ၏(အတ္တ)”ဟု မရှုမြင်ဘဲ ထိုခန္ဓာငါးပါးတို့သည် အနှစ်သာရမရှိ၊ အလိုသို့မလိုက်၊ အစိုးမရ(အနတ္တ)ဟု ရူမြင်သော ပုဂ္ဂိုလ်သည် အစိတ်တစ်ရာစိတ်၍ ထားအပ်သော သာမြီးဖျား၏ တစ်စိတ်မျှကိုပင် မြားဖြင့် မှန်အောင် ပစ်နိုင်စွမ်းရှိသူကဲ့သို့ အလွန်သိမ်မွေ့သော အနက် အဓိပ္ပာယ် သဘောတရားကို ထိုးထွင်း၍ သိနိုင်ပေ၏။
နယိဒံ သိထိလမာရဗ္ဘ၊ နယိဒံ အပ္ပေန ထာမသာ။နိဗ္ဗာန မဓိဂန္တဗ္ဗံ၊ သဗ္ဗဂန္ထပမောစနံ။
အလုံးစုံသော ဂန္ထတရားတို့မှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ပေါ့ပေါ့ လျော့လျော့ အားထုတ်ရုံမျှဖြင့်
မရရှိနိုင်၊ နိဗ္ဗာန်ကို အနည်းငယ်မျှသော ဝီရိယအစွမ်းဖြင့် မရရှိနိုင်။
န ဝေ အဂ္ဂိ စေတယတိ၊ အဟံ ဗာလံ ဍဟာမီတိ။
ဗာလော၀ ဇလိတံ အဂ္ဂိ ံ၊ အာသဇ္ဇ နံ ပဍယှတိ။
မီးသည် “လူမိုက်ကို ပူလောင်စေအံ့”ဟု လုံ့လမပြုပေ။
အလျှံတပြောင်ပြောင် တောက်လောင်သော မီးကို
လူမိုက်ကိုယ်တိုင်က ကိုင်တွယ်ထိတွေ့ခြင်းကြောင့်သာ ပူလောင်စေ၏။
- [ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန
ဗုဒ္ဓဘာသာတရားတော် (အဆင့်မြင့်) စာအုပ်မှ - ]
မှ ပြန်လည်မျှဝေပါသည်။
No comments:
Post a Comment