Tuesday, February 10, 2015

မိုဘိုင်းဖုန်းရဲ့ အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ္



အန်ဒရိုက် (Android) ဆိုတာဟာ စမတ်ဖုန်း (Smart Phone) နှင့် သင်ပုန်း (Tablet) အတွက် လင်းနတ် (Linux) ကို အခြေခံထားတဲ့ စက်လည်ပတ်မှုစနစ် တစ်ခုဖြစ်ကြောင်းကို မိုဘိုင်းဖုန်း ကိုင်ဆောင်တဲ့သူတိုင်း နားလည်သဘောပေါက်ကြပါတယ်။ သို့တိုင် ဘာဖြစ်လို့ “အန်ဒရိုက်” နာမည်ပေးထားရသလဲ၊ မိုဘိုင်းဖုန်းဟာ ဘာစနစ်နဲ့ ဘယ်လို လုပ်ဆောင်နေတာလဲ-ဆိုတာကိုတော့ လူတိုင်း စိတ်ဝင်စားမှု နည်းပါးကြပါတယ်။ 

မိုဘိုင်းဟန်းစက် တစ်လုံးကို ဝယ်တဲ့အခါ အများစုက လှပရေးကိုသာ ဦးစားပေး ဝယ်ယူသုံးစွဲကြပါတယ်။ ဒါပေမယ့် ဖြစ်သင့်တာက မိုဘိုင်းဟန်းစက် တစ်လုံး လှပ စွဲမက်ဖွယ် ရုပ်အသွင်အပြင် ရှိရေးထက် စက်လည်ပတ်မှုစနစ် ကောင်းမွန်ရေးကိုသာ ဦးစားပေး ရွေးဝယ်သင့်တာ အမှန်ပါ။ ထိုသို့ စက်လည်ပတ်မှုစနစ် ကောင်းတယ်၊ မကောင်းဘူး သိရှိနိုင်ရန် စာရေးသူဖက်က ဗဟုသုတအနေနဲ့ တင်ပြပေးမှာပါ။ တင်ပြတဲ့နေရာမှာ အင်ဂျင်နီယာလို တိကျခြင်း၊ ပရိုဂရမ်သမားလို ဖုန်းပိုင်းဆိုင်ရာဝေါဟာရ မကြွယ်၀ခြင်းတို့ကြောင့် အကြမ်းဖျင်းမျှသာ တင်ပြပေးနိုင်မှာပါ။ အကြမ်းဖျင်းဆိုသော်ငြား စာရေးသူ ကိုင်တွယ်သုံးစွဲဖူးသမျှ ကွန်ပျူတာ၊ သင်ပုန်းနှင့် မိုဘိုင်းဖုန်းတို့ရဲ့ အတွေ့အကြုံကိုလည်း ထည့်သွင်း အခြေခံမှာပါ။

အန်ဒရိုက် (Android) ဆိုတာ ဘာလဲ
အန်ဒရိုက် (Android) ဆိုတာ မိုဘိုင်ဖုန်းအတွက် တီထွင်ထားတဲ့ ဆော့ပ်ဝဲလ်တစ်ခု ဖြစ်ပါတယ်။ ဒီဆော့ပ်ဝဲလ်မှာ မိုဘိုင်းဖုန်း စက်လည်ပတ်မှု စနစ်၊ ကြားခံပေါင်းစည်း ဆော့ပ်ဝဲလ်၊ အသုံးချရတဲ့ ခလုတ် (သို့မဟုတ်) တို့ထိခလုတ်တို့ ပါဝင်ရပါမယ်။ ကိရိယာတန်ဆာပလာရယ်၊ ယင်းကို အသုံးချရမယ့် ဆော့ပ်ဝဲလ်ရယ်ကို အန်ဒရိုက်ပလက်ဖောင်း လမ်းကြောင်းမှာ အသုံးပြုနိုင်ဖို့ ဂျာဗားပရိုဂရမ်မင်း (ကွန်ပျူတာ နားလည်တဲ့ ဘာသာစကား) နဲ့ ရေသားထားပြီး အက်စ်ဒီကေ လို့ခေါ်တဲ့ ဆော့ပ်ဝဲလ်ဒီပလော့မင့်န်ကစ် (Software Development Kit) ဆီသို့ ပို့ဆောင် ထိန်းသိမ်းထားတဲ့ မိုဘိုင်ဖုန်းသုံး အပျော့ထည် ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ဒီအပျော့ထည် ပစ္စည်းကို မိုဘိုင်းဖုန်းလောကသုံး ဝေါဟာရအနေနဲ့ အန်ဒရိုက်လို့ ခေါ်ပါတယ်။



အန်ဒရိုက် (Android) ရဲ့ သွင်ပြင်လက္ခဏာ
၁။ အသုံးချ ဖရိမ်ဝေါ့က်ကို အစိတ်အပိုင်းအလိုက် အစားထိုးပြီး ပြန်လည် အသုံးပြုနိုင်ခြင်း။
၂။ ဒါဝစ်က်-ဗာလ်ကြွယ်လို့ ခေါ်တဲ့ မမ်မိုရီအတု အစားထိုးနည်းကို ဆောင်ရွက်ပေးခြင်း။
၃။ ဝက်ပ်ကစ်-ဘရောက်စာကို အခြေခံပြီး ဘရောက်စာချင်း ပေါင်းစပ်နိုင်ခြင်း။
၄။ သရီး-ဒီ (သုံးဘက်မြင်) ကို အခြေခံ တည်ဆောက်ထားသော်လည်း တူး-ဒီ (နှစ်ဘက်မြင်) ပါဝါကိုသာ စားခြင်း။
၅။ အချက်အလက် (Data) များကို SQLite ခေါ် အသေးအမွှား ပရိုပရမ်သိုလှောင်ရုံမှာ သိုလှောင်နိုင်ခြင်း။
၆။ မီဒီယာ (အသံ၊ ဗီဒီယို၊ ရုပ်ပုံ) ရဲ့ ဖော်မက် (Format) ကို အသုံးများတဲ့ (MPEG4, H.264, MP3, AAC, AMR, JPG, PNG, GIF) တို့ကို စုံလင်အောင် ထည့်ပေးထားခြင်း။
၇။ ဂျီအက်စ်အမ်-မိုဘိုင်းဖုန်း နည်းပညာကို အမှီပြုထားခြင်း။
၈။ ဘလူးတု(Bluetooth)၊ အက်ဂ်ျ (EDGE) သရီး-ဂျီနှင့်ဝိုင်ဖိုင်စနစ်တို့ကို ထည့်သွင်းထားခြင်း။
၉။ ကင်မရာ၊ မြေပုံစနစ်၊ အိမ်မြှောင်စနစ်၊ အရှိန်ပေးစနစ်တို့ ပါဝင်ခြင်း။
၁၀။ အိုင်ဒီအီး (IDE) အပါအဝင် ပြင်ပနဲ့ ချိတ်ဆက်နိုင်တဲ့ အပေါက်များကို တပ်ဆင်ထားခြင်းတို့ ဖြစ်ပါသည်။


အန်ဒရိုက် (Android) ရဲ့ သမိုင်းကြောင်း
အန်ဒရိုက် (Android) ဆိုတာဟာ ဂူးဂဲလ်နဲ့ အခြားမိတ်ဖက်ကုမ္ပဏီတို့က အိုပင်း-ဟန်းစက်-အလီယန်း (Open Handset Alliance) လို့ ခေါ်တဲ့ အိုအိတ်ခ်ျအေ (OHA) နာမည်နဲ့ ပူးပေါင်းလုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ပြီး အန်ဒရိုက် (Android) စက်လည်ပတ်မှုစနစ် ဖွံ့ဖြိုးတိုးတက်အောင် အဆင့်အဆင့် လုပ်ဆောင်ခဲ့ကြတာပါ။ ဒီစုပေါင်းအဖွဲ့ဟာ ၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်က ဖွဲ့စည်းခဲ့တာပါ။ ဂူးဂဲလ်ကပဲ ဦးဆောင်ကမကထ လုပ်ပြီး အဖွဲ့ဝင် အင်အား ၃၄ ယောက်နဲ့ ဖွဲ့စည်းခဲ့တယ်။ တောင်ကိုရီယားနိုင်ငံမှာ ရုံးချုပ်ထား အခြေစိုက်ပါတယ်။ ဒီအဖွဲ့ထဲမှာ ပါဝင်တဲ့ ကုမ္ပဏီများကတော့ ဂူးဂဲလ် (Google)၊ အိတ်ခ်ျတီစီ (HTC)၊ ဆိုနီ (Sony)၊ ဒဲလ် (Dell)၊ အင်တယ်လ် (Intel)၊ မော်တိုရိုလာ (Motorola)၊ ကွာလ်ကွမ် (Qualcomm)၊ တက္ကဆပ် (Texas)၊ ဆမ်ဆောင်း (Samsung Electronics)၊ အယ်လ်ဂျီ (LG Electronics)၊ တီ-မိုဘိုင်း (T-Mobile)၊ စပရင့် နက်တယ်လ် (Sprint Nextel)၊ အင်(န်)ဗီဒီယာ (Nvidia) နှင့် ဝင်းရေဗာ (Wind River)တို့ ဖြစ်ကြပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက ဂူးဂဲလ်ကနေ ဆော့ပ်ဝဲလ်လုပ်ငန်း တိုးတက်ရေးအတွက် ဆိုပြီး အန်ဒရိုက် (Android) ကို ထူထောင်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်ကျမှ ဟဒ်ဝဲလ်၊ ဆော့ပ်ဝဲလ်နှင့် ဆက်သွယ်ရေး ကုမ္ပဏီတွေကို ဖိတ်ခေါ်ပြီး ပူပေါင်းလုပ်ဆောင်ကြခြင်းပါ။ အန်ဒရိုက်ရဲ့ ကုဒ်ကိုတော့ ဂူးဂဲလ်ကပဲ အိုပင်းစို့စက် (Open Sources) ပုံစံနဲ့ ဆော့ပ်ဝဲလ်လိုင်စင်ကို အခမဲ့ ဖြန့်ဖြူးခဲ့တယ်။ အန်ဒရိုက်မှာ ရေးသားထားတဲ့ အသုံးချဆော့ပ်ဝဲလ် ခေါ် အပ်ပ် (Apps) တွေ များမှများ။ ဒီအသုံးချ ဆော့ပ်ဝဲလ်တွေကို မိုဘိုင်းဖုန်းမှာကော သင်ပုန်းမှာပါ အသုံးပြုလို့ရတယ်။ ဒီအပ်ပ်တွေကို သာဒ်ပါတီလို့ ခေါ်တဲ့ အွန်းလိုင်းစတိုးတွေမှာ အခမဲ့ကော၊ ဈေးချိုချိုနဲ့ကော ဒေါင်းလုတ် ရယူနိုင်ပါတယ်။ အထူးသဖြင့် ဂူးဂဲလ်ပလေ (Google Play) စတိုးမှာပေါ့။ အန်ဒရိုက်ရဲ့ အပ်ပ်တွေ ဘယ်လောက်များသလဲဆိုရင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှာ အမျိုးအစားပေါင်း ၅-သိန်းအထိ တီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ အန်ဒရိုက် စက်လည်ပတ်မှုစနစ်သုံး မိုဘိုင်ဖုန်းကော သင်ပုန်းမှာပါ အပ်ပ်တွေကို ဒေါင်းလုတ်ရယူခဲ့တဲ့ အရေအတွက်ဟာ ၂၀၁၁ ဒီဇင်ဘာလ စာရင်းအရ သန်းပေါင်းတစ်သောင်း (၁၀-ဘီလျံ) တောင် ရှိတယ်ဆိုပဲ။

အိုအိစ်ခ်ျအေအဖွဲ့ဟာ အေအိုအက်စ်ပီလို့ အတိုကောက် ခေါ်ဆိုတဲ့ အန်ဒရိုက်-အိုပင်းဆို့စ်-ပရိုဂျက် (Android Open Source Porject) ကို လုပ်ဆောင်တယ်။ ဂူးဂဲလ်ကနေပဲ ဦးဆောင်တာပါ။ အန်ဒရိုက် စက်လည်ပတ်မှုစနစ်ကို ထိန်းသိမ်းဖို့ရယ်နှင့် အမြဲတန်း အပ်ဒိတ် (ထပ်မြှင့်) နေဖို့ရယ် ရည်ရွယ်တာပါ။ သုံးစွဲသူတွေအတွက် အတွေ့အကြုံ တဖြေးဖြေး ရင့်ကျက်လာအောင်ဆိုပြီး အပ်ပ်တွေကို မကြာမကြာ ဗားရှင်း တိုးတိုးပြီး ခေတ်မီနေအောင် လုပ်ဆောင်ပေးထားတယ်။


အန်ဒရိုက်ရဲ့ မူလ စက်လည်ပတ်မှုစနစ် ဗားရှင်းဟာ အက်စ်စထရို (Astro) ဖြစ်တယ်။ အက်စ်စထရို (Astro) ကို ဂဏန်းနဲ့ တိုးတိုးပြီး ထုတ်လုပ်တယ်။ ပထမဦးဆုံး အက်စ်ထရို ဗားရှင်းကိုတော့ ၁.၅ (ဝမ်းပွိုင့်ဖိုက်) နဲ့ စတင်တယ်။ ဒီစနစ်မှာ ဘတ်ဂ်ျ(Bugs) လို့ခေါ်တဲ့ ဖုန်းဆက်သွယ်မှု မအောင်မမြင်တာတွေ၊ အမှားတွေကို ဖော်ထုတ်ပေးတဲ့ စနစ် ထည့်သွင်း အသုံးပြုထားတယ်။

နောက်တော့ ဂင်ဂျာဘရိတ် ၂. ၃ (Gingerbread 2.3) ဗားရှင်းကို ထုတ်တယ်။ ဒီဗားရှင်းမှာ အက်စ်အိုင်ပီ (SIP) ကို စမ်းသုံးကြည့်ပြန်တယ်။ အက်စ်အိုင်ပီ-ဆိုတာက ဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာ ဆက်သွယ်ရေး အော်ပရေတာရုံးက လိုင်းတွေကို မမိ မိအောင် အချက်ပြ ဆက်သွယ်ပေးတယ်။ ပြီးတော့ အင်တာနက် အကောင့်ကနေတစ်ဆင့် ဖုန်းဆက်လို့ရတဲ့ ဗွိုက် (VoIP) စနစ်ကိုလည်း စမ်းသုံးထားတယ်။

နောက်တစ်ဆင့်တိုးပြီး ပျားသလက်ကွန်ရက်လို့ နာမည်ရတဲ့ ဟွန်းနီကုမ် (Honeycomb) ကို မိတ်ဆက်ပေးတယ်။ ဒီဟွန်းနီကုမ် ဗားရှင်းကိုတော့ မျိုးဆက် ၃-ခု ဆက်တိုက် ထုတ်လုပ်တယ်။ ဟွန်းနီကုမ် ၃.၀၊ ဟွန်းနီကုမ် ၃.၁၊ ဟွန်းနီကုမ် ၃.၂ ဆိုတဲ့ ဗားရှင်း ၃-ခုပါ။ ဟွန်းနီကုမ် စနစ်ကို စတင် မိတ်ဆက်တဲ့အခါမှာ မော်တိုရိုလာကုမ္ပဏီက ဆုမ် (Xoom) သင်ပုန်းကို ထုတ်လုတ်တဲ့အချိန်နဲ့ သွားပြီး တိုက်ဆိုင်နေတယ်။ ဒါကြောင့် ဒီစနစ်ကို ဖုန်းမှာကော သင်ပုန်းမှာပါ စပြီး အသုံးပြုကြတယ်။ အချိန်ကား ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလပါ။ နောက်သုံးလကြာ မေလ ရောက်တဲ့အခါ ဟွန်းနီကုမ် ၃.၁ ဗားရှင်းကို အဆင့်မြှင့် ထပ်ထုတ်ပြီး၊ ဇူလိုင်လကျတော့ ဟွန်းနီကုမ် ၃.၂ ဗားရှင်းကို နောက်ဆုံး အနေနဲ့ ထုတ်လုပ်ခဲ့ပြန်တယ်။



အခုအခါမှာတော့ အန်ဒရိုက်သုံး မိုဘိုင်ဖုန်းရဲ့ စက်လည်ပတ်မှုစနစ်ဟာ အိုက်စကရင်း ဆန်းဒဝစ် (Ice Cream Sandwich) ဗားရှင်းကို ရောက်လို့နေပါပြီ။ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၉-ရက်နေ့မှာ အန်ဒရိုက်အတွက် ဒီနာမည်နဲ့ စတင် မိတ်ဆက်ပေးတာပါ။ ဒီဗားရှင်းကို ၄.၀ (ဖိုးပွိုင့်အို) ကနေ စတင်တယ်။ နိုဝင်ဘာ ၁၄-ရက်နေ့မှာတော့ ၄.၀.၁ ကို ထပ်မြှင့်ပြီး အခုအခါမတော့ အိုက်စကရင်း ဆန်းဒဝစ် ၄.၀.၄ ဗားရှင်းကို ရောက်နေပြီ ဖြစ်တယ်။

အန်ဒရိုက် (Android) ရဲ့ တိုးတက်မှု ဖြစ်စဉ်အဆင့်ဆင့်
-၂၀၀၇-ခုနှစ်၊ နိုဝင်ဘာလ ၅-ရက်နေ့မှာတော့ အန်ဒရိုက်ဘီတာ (Android beta) ကို စတင် မိတ်ဆက်ပေးတယ်။

-၂၀၀၈-ခုနှစ်၊ စက်တင်ဘာလ ၂၃-ရက်နေ့မှာတော့ အန်ဒရိုက် ၁.၀ (Android 1.0) ကို ဈေးကွက်မှာ စတင်ရောင်းချတယ်။ အိတ်စ်တီစီ ကုမ္ပဏီထုတ် ဒရင်း(မ်) မိုဘိုင်းဖုန်း (HTC Dream) နဲ့ စတင်အသုံးပြုကြည့်တယ်။

-၂၀၀၉-ခုနှစ်၊ ဖေဖော်ဝါရီလ ၉-ရက်နေ့မှာတော့ အန်ဒရိုက် ၁.၁ (Android 1.1) ကို ထပ်ထုတ်တယ်။ တီ-မိုဘိုင်း (T-mobile) မှာ ထည့်သွင်း အသုံးပြုတယ်။

-၂၀၀၉-ခုနှစ်၊ ဧပြီလ ၃၀-ရက်နေ့မှာတော့ အန်ဒရိုက်ကနေ ကပ်ကိတ် (Cupkate 1.5) (ပန်းကန်ပြားမုန့်) သို့ အမည်ပြောင်းပြီး ထပ်ထုတ်လုပ်တယ်။

-၂၀၀၉-ခုနှစ်၊ စက်တင်ဘာလ ၁၅-ရက်နေ့မှာတော့ ဒိုနတ် ၁.၆ (Donut 1.6) (မုန့်အမည်နဲ့) ကို ထပ်ထုတ်တယ်။

-၂၀၀၉-ခုနှစ်၊ အောက်တိုဘာလ ၂၆-ရက်နေ့မှာတော့ မူလ အန်ဒရိုက်နာမည်ကို ပြန်သုံးပြီး အန်ဒရိုက် ၂.၀ (Android 2.0) ကို ထပ်ထုတ်တယ်။ မူလနာမည်နဲ့ဆိုပေမယ့် တစ်ချို့က အယ်ကလဲယား (E’clair) လို့လည်း ခေါ်ဆိုကြသေးတယ်။ နောက်ထပ်ဗားရှင်းတစ်ခု ထပ်ထုတ်သေးတယ်။ အယ်ကလဲယား ၂.၁ (E’clair 2.1) ပါ။

-၂၀၁၀-ခုနှစ်၊ မေလ ၂၀-ရက်နေ့မှာတော့ နောက်ထပ်နာမည်တစ်မျိုးနဲ့ အန်ဒရိုက်ဖုန်းစနစ်ကို ထပ်ထုတ်ပြန်တယ်။ နာမည်က ဖရိုယို ၂.၂.အိစ် (Froyo 2.2.x) ပါ။

-၂၀၁၀-ခုနှစ်၊ ဒီဇင်ဘာလ ၆-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၂.၃ ကို မြှင့်ပြီး ဂင်ဂျာဘရိတ် (Gingerbreak) (ဂင်ဂျာပေါင်မုန့်) နဲ့ နောက်ထပ်ဗားရှင်း အသစ်တစ်ခုကို ထပ်ထုတ်ပြန်တယ်။


-၂၀၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၃.၀ သို့ ထပ်မြှင့်ပြီး ဟွန်းနီကုမ် (Honeycomb) (ပျားသလက်) နာမည်နဲ့ ထပ်ထုတ်ပြန်တယ်။ ဒီအချိန်မှာ သင်ပုန်း(Tablet) က ထွက်ရှိနေလို့ မိုဘိုင်းဖုန်းမှာသာမကပဲ သင်ပုန်းမှာပါ သုံးကြည့်တယ်။

-၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ ၁၉-ရက်နေ့မှာတော့ အန်ဒရိုက်စနစ် ၄.၀ ကို ပြောင်းထုတ်ပြန်တယ်။ ဒီတစ်ခါတော့ နောက်ထပ် နာမည်တစ်မျိုးနဲ့ ထပ်မှည့်ပြန်တယ်။ ဒီတစ်ခါလည်း မုန့်အမျိုးအစား နာမည်ကိုပဲ ရွေးထားတယ်။ ဘာတဲ့ - အိုက်စကရင်း ဆန်းဒဝစ် (Ice Cream Sandwich) (ရေခဲမုန့် ဆန်းဝစ်) ပေါ့။ ဒီဗာရှင်းကိုတော့ ၄.၀ ကနေ ၄.၀.၁.၊ ၄.၀.၂၊ ၄.၀.၃. ၄.၀.၄ အထိ ဗားရှင်း ၅-ခု ဆက်တိုက် ထုတ်လုပ်တယ်။

-ဒီနှစ်ဖြစ်တဲ့၂၀၁၂-ခုနှစ်ကျတော့ အန်ဒရိုက်စနစ် ၅.၀ ကို ထပ်ထုတ်မယ်လို့ မျှော်လင့်နေကြတယ်။ ထပ်ထွက်ဖြစ်ဖို့ များမှာပါ။ ဒီတစ်ခါ ရွေးမယ့်နာမည်ကိုတော့ ဂျယ်လီဘိန်း (Jelly Bean) (ဂျယ်လီပြား) ဖြစ်ဖို့များနေတယ် ဆိုပဲ။ ခန့်မှန်းထားတာက ၂၀၁၂-ခုနှစ်၊ နှစ်ရဲ့ လေးပုံတစ်ပုံ (ဧပြီလ) လောက် ထွက်မယ်တဲ့။ ဒါပေမယ့် အခု မေလတောင် ကုန်တော့မှာဆိုတော့ နှစ်ဝက်လောက်မှ ထွက်နိုင်မှာပါလို့ ထပ်ခန့်မှန်းကြပြန်တယ်။

အကိုးအကား-
http://en.wikipedia.org/wiki/Android_operating_system
http://developer.android.com/guide/basics/what-is-android.html
http://en.wikipedia.org/wiki/Android_version_history
Ref & Credit : http://ayechanmon.blogspot.com

No comments:

Post a Comment