Tuesday, December 16, 2014

ဖူးငုံသစ်စ ပျိုမေတို့ သိသင့်သော ရာသီအကြို ဝေဒနာအကြောင်း



ကလေးဘဝမှာ ခုန်ပေါက်ဆော့ ကစားရာက ကြီးပြင်းလာတဲ့ သမီးမိန်းကလေးတွေဟာ တစ်ကြိမ် တစ်ခါမှ ရာသီမလာ ဖူးသေးတဲ့ အတွက် ရာသီအကြို ဝေဒနာ အကြောင်းကို ကြိုတင် သိရှိမထားရင် အထိတ်တလန့် ရင်ဆိုင် ရနိုင်ပါတယ်။

ရာသီစတင် လာတဲ့အခါ မြင်လိုက်ရတဲ့ သွေးစ သွေးနတွေကြောင့် ဘာများဖြစ် တာလဲဆိုပြီး လန့်ဖျပ်သွားနိုင်သလို ရာသီအကြို ဝေဒနာကြောင့် ဘာများ ဖြစ်နေသလဲဆိုပြီး စိတ်ဓာတ်ကျ နေနိုင်ပါတယ်။ ဒါကြောင့် အပျိုဖော် ဝင်တော့မယ့် သမီးမိန်းကလေးတွေ သိထားသင့်တဲ့ ရာသီအကြို ဝေဒနာ အကြောင်းကို ရေးသားလိုက်ရ ပါတယ်။

ရာသီအကြိုဝေဒနာ ဆိုသည်မှာ

လစဉ် ရာသီစတင်မလာခင်မှာ မိန်းကလေး တချို့ဟာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ရရှိတတ်ပါတယ်။ ဒါကို ရာသီအကြိုဝေဒနာလို့ ခေါ် ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ ဝက်ခြံပေါက်တာ၊ လေပွတာ၊ ညောင်းညာတာ၊ ခါးကိုက်တာ၊ ရင်သားနာတာ၊ ခေါင်းကိုက်တာ၊ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ၊ တချို့အစာ တွေကို စားချင်စိတ်ပြင်းပြ တာတို့ ဖြစ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကတော့ စိတ်ဓာတ် ကျတာ၊ အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲတာ၊ အိပ်မပျော်တာ၊ ဖိစီးမှု များတာ၊ စိတ်ဂနာမငြိမ်ဖြစ်တာတို့ ဖြစ်ကြပါတယ်။ ရာသီအကြိုဝေဒနာက မိန်းကလေးတစ်ဦး ရာသီစမလာခင် တစ်ပတ်-နှစ်ပတ်ခန့် ကြိုပြီး ဖြစ် ပေါ်တတ်ပေမယ့် ရာသီစလာတာနဲ့ သက်သာသွား တတ်ပါတယ်။

ရာသီအကြိုဝေဒနာကို ဘာကြောင့် မိန်းကလေးတချို့ကပဲ ခံစားရတာလဲ

ဒါက ဟော်မုန်းပမာဏ အပြောင်းအလဲနဲ့ ဆက်စပ်နေတယ်လို့ အများစုက ယုံကြည်ကြပါတယ်။ မိန်းကလေး တစ်ဦး ရာသီလာတဲ့အခါ သူ့ခန္ဓာကိုယ် ထဲက အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ ပရိုဂျက် စတီရုန်းတွေ တိုးလာပါတယ်။ ဒီလို ဟော်မုန်း အပြောင်းအလဲတွေက ရာသီအကြို ဝေဒနာနဲ့ ဆက်စပ်မှုရှိတယ်လို့ ဆိုကြတာပါ။ ရာသီ မလာခင် စားသောက်တဲ့ တချို့ အစား အသောက်တွေကြောင့်လည်း ဝေဒနာဖြစ်ပေါ်တယ် လို့ ဆိုကြပါတယ်။

ရာသီအကြိုဝေဒနာသက်သာစေဖို့ ဘယ်လိုအချက်တွေ လိုက်နာသင့်သလဲ

- သစ်သီးဝလံများများ၊ ဟင်းသီးဟင်းရွက်များများ ပါတဲ့ မျှတတဲ့ အစာကို စားပေးပါ။

- အာလူးချောင်းကြော်၊ ခရက်ကာမုန့် စတဲ့ ပြုပြင် ထားတဲ့ အစာတွေကို လျှော့စားပါ။ ဆားဟာ ရေဓာတ်ကို စွဲတာကြောင့်လေပွတာကို ပိုဖြစ်စေနိုင်ပါတယ်ဒ ဒါကြောင့် ဆားကို လျှော့စားပြီး ရေများများ သောက်ပါ။

- ကဖင်းဓာတ်ကို လျှော့ချပြီး အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။ ကယ်လ်စီယမ် အလုံအလောက်မှီဝဲတာ က တချို့မိန်းကလေးတွေကို ရာသီအကြိုဝေဒနာ မဖြစ်အောင် ကူညီနိုင်တယ်လို့ သိရပါတယ်။

- နေ့စဉ် လေ့ကျင့်ခန်းလုပ်တာနဲ့ တရားထိုင်တာ လို စိတ်ဖိစီးမှု သက်သာစေရေး နည်းလမ်းတွေကို လုပ်ဆောင်ပေးပါ။ လေ့ကျင့်ခန်း လုပ်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင် ဓာတ်ထွက်စေပြီး စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။

- ရေပူထဲ စိမ်ချိုးတာ ဒါမှမဟုတ် ဝမ်းဗိုက်ပေါ် ရေနွေးအိတ်တင်ပေးတာကြောင့် ကြွက်သားတွေကို အနားရ စေပြီး ဗိုက်အောင့်တာကို သက်သာစေ ပါတယ်။

- ရာသီအကြိုဝေဒနာကြောင့် ကိုက်ခဲနာကျင်မှု သက်သာစေဖို့ အိုင်ဗျူပရိုဖင်ဆေးကို ဆောင်ထားပါ။

- ရာသီအကြိုဝေဒနာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်ကာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ် မရှိရင် မိဘနဲ့ အုပ်ထိန်းသူတွေကို ပြောပြပါ။

ရာသီသွေးဆင်းမှုအတွက် ဘယ်လို ပြင်ဆင်ထားသင့်သလဲ

ရာသီအကြို ဝေဒနာအကြောင်း သိနားလည်ပြီး သက်သာအောင် လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ကို သိနားလည် ပြီးပြီဆိုရင် ရာသီသွေး ဆင်းတဲ့အခါ ပျိုမေတို့ အေးအေးဆေးဆေး ရင်ဆိုင်ကျော်လွှား နိုင်ဖို့ သိထား သင့်တဲ့ အချက်တွေ ရှိပါတယ်။

(၁) တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပါနေ့စဉ် ရေမှန်မှန်ချိုးကာ အဝတ်အစား အသစ်လဲပါ။ အထူးသဖြင့် အတွင်းခံ အဝတ်အစားတွေကို စနစ်တကျ လျှော်ဖွပ်ကာ မီးပူတိုက်ပြီး ဝတ်ပါ။

(၂) အိပ်ရေးဝ၀ အိပ်ပါ - ရာသီလာစဉ် ပင်ပန်း နွမ်းနယ်မှုပြေလျော့စေဖို့ အိပ်ရေးဝ၀ အိပ်စက် အနားယူပါ။

(၃) အာဟာရပြည့်ဝအောင် စားပါ - ရာသီသွေး ဆင်းချိန်မှာ သံဓာတ်ဆုံးရှုံးမှုအဖြစ်များပါတယ်။ ဒါကြောင့် သံဓာတ်ချို့တဲ့မှုကို ပြန်လည်ဖြည့်တင်း နိုင်အောင် အစိမ်းရောင်ဟင်းရွက်၊ အနီရောင်အ သား၊ တိရစ္ဆာန် ကလီစာ စတာတွေကို စားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းအောင် ဗီတာမင်စီပါ ဝင်တဲ့ လိမ္မော်ရည်၊ သံပရာရည်တို့နဲ့ တွဲစားပါ။

(၄) လစဉ်သုံး ပစ္စည်းကို အမြဲဆောင်ထားပါ - ရာသီသွေးဆင်းချိန်မှာ အမျိုးသမီးလစဉ်သုံးပစ္စည်း အဆင်သင့် မရှိတာကြောင့် ကျောင်းတက်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ အခက်အခဲတွေ့ ရတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ အမြဲတမ်း ကျောင်း လွယ်အိတ်ထဲမှာ Non-Recycle Material နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံး ပစ္စည်းကို အမြဲ ဆောင်ထားပါ။ ပြီးရင် အမျိုးသမီးလစဉ် သုံးပစ္စည်း ကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မိခင်ထံမှ သင်ယူပါ။ အမျိုးသမီး လစဉ်သုံး ပစ္စည်းကို လေးနာရီ ခြောက်နာရီ ခြားပြီး တစ်ကြိမ် အသစ်လဲလှယ်ဖို့လည်း မမေ့ပါနဲ့။

No comments:

Post a Comment